ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ခရိုင်၊ ဝယ်လင်တန်မြို့မှာ အမျိုးသမီးတစ်ဦးဟာ ညဘက် ခင်ပွန်းနဲ့ စကားများပြီး ဆိုဖာပေါ်မှာ သွားအိပ်ဖို့ မောင်းထုတ်ခဲ့ရာမှာ နောက်နေ့မနက်ကျ ခင်ပွန်းဖြစ်သူ သေဆုံးနေတာကို တွေ့လိုက်ရတဲ့အဖြစ်ဆိုးနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့်သူက သူ့အဖြစ်ကို သင်ခန်းစာယူဖို့၊ ညအိပ်ရာဝင်ချိန်မှာ စိတ်မကောက်ဖို့ တခြားစုံတွဲတွေကို တိုက်တွန်းပါတယ်။
သူ့နာမည်က အက်ရှ်လေ မာရေးဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ပါ။ ခင်ပွန်းဖြစ်သူက မိုက်ကီလို့ အမည်ရပြီး ၃၆ နှစ်အရွယ်ရှိပါတယ်။
မာရေးက ခင်ပွန်းကို စိတ်ကောက်ရတဲ့အကြောင်းကတော့ အလုပ်မှာ အကြာကြီးနေပြီး အိမ်ပြန်နောက်ကျလို့ပါ။
အဲဒီညက ညအိပ်ရာဝင်ချိန်အထိ စိတ်ကောက်မပြေသေးတာကြောင့် မိုက်ကီကို ဆိုဖာပေါ်မှာ အိပ်ခိုင်းခဲ့ပါတယ်။
နောင်အခါကျမှ မာရေးသိလာတာက သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ရတဲ့ ခင်ပွန်းဖြစ်သူဟာ သူတို့မိသားစု ချက်နိုင်ငံရဲ့ မြို့တော်၊ ပရက်ဂ်မြို့ကို အလည်ခရီးထွက်ကျဖို့အတွက် အချိန်ပိုတွေဆင်းပြီး ငွေစုနေတာလို့ သိလာရတယ်။
“သူက ၁၆ နာရီ အလုပ်ဆိုင်းတွေ ဆင်းပါတယ်။ တစ်ပတ်ကို ၇ ရက်လုံး အလုပ်လုပ်ပြီး အချိန်ပိုဆင်းတာ ကြောင့် ကျွန်မတို့ မိသားစုကို နှစ်တိုင်း Disney ကစားကွင်းကို ပို့ပေးနိုင်ခဲ့တယ်။ သူက အလုပ်ပြန်လာရင် ခြေကုန်လက်ပန်းကျနေပေမယ့် ကျွန်မတို့အပေါ် အပြုံးတွေပဲ မြင်စေခဲ့တယ်” လို့ မာရေးက ပြောပြတယ်။
“ဒါပေမယ့် သူအလုပ်လုပ်တဲ့အချိန်က လွန်လွန်းပါတယ်။ တချိန်လုံး ပင်ပန်းနွမ်းနယ်နေပါတယ်။ ရေကုန်ရေခမ်း အလုပ်လုပ်တာကြောင့် ကျန်းမာရေး ချို့ယွင်းလာခဲ့တာပါ။”
“အဲဒီညက သူအိမ်ပြန်ရောက်လာတော့ ညစ်ပတ်ပေစုတ်နေတာပဲ။ အဲဒီညလောက် သူအရမ်း ပင်ပန်းနေတဲ့ပုံကို ကျွန်မ တခါမှ မမြင်ဖူးပါဘူး။ ကျွန်မလည်း ရင်ထုမနာဖြစ်ပြီး တော်တော် ဒေါသထွက်သွားမိပါတယ်။”
(မိုက်ကီက မာရေး၏ ၁၄ နှစ်အရွယ် သမီးဖြစ်သူကို မွေးစားခဲ့ပြီး ၎င်းတို့စုံတွဲတွင်လည်း ၂၀၁၃ ခုနှစ်တွင် အမြွှာ ကလေး ၂ ဦး ထွန်းကားသည်။ ဓာတ်ပုံ-Mercury Press & Media)
“ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ သူ့ကို ပြောဆိုပစ်ခဲ့ပြီး ဆိုဖာပေါ်သွားအိပ်လို့ ပြောလိုက်မိတယ်။ တကယ်တမ်း ကျွန်မ ရည်ရွယ်ချက်က သူ့ကို မိသားစုနဲ့ အချိန်ပိုပေးစေချင်တာပါ”
နောက်တစ်နေ့ မိုးလင်းတော့ မိုက်ကီဟာ ဆိုဖာပေါ်မှာ ညက အိပ်ခဲ့တဲ့ အနေအထားအတိုင်းရှိနေတာ တွေ့ရတယ်။ သူ့မျက်နှာကလည်း အရောင်ပြောင်းပြီး ညိုပုပ်ပုပ်ဖြစ်နေတာ တွေ့လိုက်ရပါတယ်။
အဲဒီအခါမှာ မာရေးက ယောက်ျားဖြစ်သူကို စမ်းကြည့်လိုက်တော့ အေးစက်တောင့်တင်းနေပြီ။ ဒါကြောင့် သူ့လည်း လန့်ဖြန့်ထခုန်မိပြီး နင့်အဖေကြီး သေပြီလို့ သမီးကို လှမ်းအော်လိုက်တယ်။ ပြီးတော့ လမ်းထဲ ထွက်ပြေးပြီး မိုက်ကီသေပြီဆိုပြီး လိုက်အော်နေတော့တယ်။
အဲ့လို အရူးမီးဝိုင်းဖြစ်နေရင်း မူးလဲသွားလို့ အိမ်နီးချင်းတွေက သူ့ကို အိမ်ပြန်ပို့ပေးရပါတယ်။
“ကျွန်မ အရမ်းအပြစ်ရှိသလို ခံစားရပါတယ်။ ဆိုဖာပေါ် သွားအိပ်ခိုင်းမိတာ ကိုယ့်ကိုယ်ကို ဒေါသထွက်လို့ မဆုံးအောင်ပါပဲ။”
“အပန်းဖြေခရီးထွက်ဖို့ ငွေစုနေတာကို သိလိုက်ရလို့ ရင်တွေကွဲရပါတယ်”
(မိုက်ကီက မိသားစုကို Disney ကစားကွင်းသို့ နှစ်တိုင်းပို့နိုင်ရန် နေ့စဉ် ၁၆ နာရီအလုပ်ဆိုင်းများ ဆင်းခဲ့သည်။ ဓာတ်ပုံ-Mercury Press & Media)
သူတို့နှစ်ဦးဟာ ၂၀၀၇ ခုနှစ်မှာ ဆုံစည်းပြီး ၂၀၁၀ မှာ လက်ထပ်ခဲ့ကြတာပါ။ မာရေးဘက်က အရင်အိမ်ထောင်နဲ့ ၁၄ နှစ်အရွယ် သမီးတစ်ယောက် ပါလာပါတယ်။ သူတို့မှာလည်း ၂၀၁၃ မှာ အမြွှာ ကလေး ၂ ယောက်ထွန်းကားခဲ့ပါတယ်။
ရင်ခွဲစစ်ဆေးချက်တွေအရ မိုက်ကီဟာ အိပ်နေရင်း အသက်ရှူကျပ်ပြီး သေဆုံးသွားတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဒီအဖြေက ရေရာမှု မရှိပါဘူး။ မာရေးကတော့ မိုက်ကီဟာ အလေးအပင် မ, ရလို့ ကျောရိုးဒဏ်ရာရတာကြောင့်လို့ ဆိုတယ်။
“မိုက်ကီဟာ သူ့ဒဏ်ရာကို ဆေးကောင်းကောင်း မကုခဲ့ဘူး။ ကျန်းမာရေးမကောင်းတာတောင် အလုပ်တွေပဲ ဖိလုပ်နေခဲ့တယ်။”
မိုက်ကီရဲ့ ဈာပနမှာ မာရေးက “ကိုယ်ချစ်တဲ့သူတွေကို နမ်းရှိုက်ပါ။ သူတို့ကို ဂရုစိုက်ကြောင်း ပြောပေးပါ။ ကိုယ်က သူတို့ကိုချစ်တယ်ဆိုတာ သူတို့သိပါစေ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ အမြဲတမ်း ရှိမနေနိုင်ဘူးလေ” သံဝေဂစကား ဆိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Woman urges couples not to go to bed on an argument after husband dies in his sleep (independent)