နော်ဝေနိုင်ငံ ဘုရင် မလာရောက်မီ ဖျက်ဆီးခံလိုက်ရတဲ့ မန္တလေးမြို့ ဧရာဝတီ မြစ်ကမ်းနံဘေးမှာရှိတဲ့ ကျူးကျော် နေအိမ်တဲတွေ အစား တန်ဖိုးသင့် အိမ်ရာတွေကို ၂၀၁၅ ခုနှစ်အတွင်း ပြန်လည် တည်ဆောက်ပေးဖို့ စီစဉ်နေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။
နော်ဝေဘုရင် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ရက်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့တဲ့ အဲဒီ ကျူးကျော်နေအိမ်တွေကို အစားထိုးပေးနိုင်ဖို့ အတွက် အခုလို စီစဉ်နေတာလို့ သူက ဆိုပါတယ်။
အဲဒီတန်ဖိုးသင့် အိမ်ရာကို မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာစီမံကိန်း အနီးမှာ တည်ဆောက်ဖို့ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ ဦးသက်နိုင်ထွန်းက ပြောဆိုပါတယ်။ ဖျက်ဆီးခံခဲ့ရတဲ့ ကျူးကျော်တဲအိမ် ၃၀ ကျော်အတွက် အစားထိုး တန်ဖိုးသင့်အိမ်ရာ ဆောက်လုပ်ရေး ဆွေးနွေး နေဆဲဖြစ်လို့ အခန်းအရေအတွက်နဲ့ အသေးစိတ် အချက်အလက်တွေကို မပြောနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။
“ဒီနှစ်အတွင်း စတင်တည်ဆောက်နိုင်ဖို့ စီစဉ် လုပ်ဆောင်နေပါတယ်။ တန်ဖိုးအသင့်အတင့် အိမ်ရာတွေ ဖြစ်ပြီးတော့ အငှားတွေလည်း ပါမယ်။ ရောင်းချပေးတာမျိုးတွေလည်း ပါဝင်ပါမယ် ” လို့ ဦးသက်နိုင်ထွန်းက ပြောပါတယ်။
နေအိမ်တွေ ဖျက်ဆီးခံရပြီး ပြန်လည် တည်ဆောက်ခဲ့တဲ့ အချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက် ကူညီဆောင်ရွက်တာ မရှိဘူးလို့ နေအိမ်ဖျက်ဆီးခံခဲ့ရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အစားထိုး ငှားရမ်းပေးမယ့် တန်းဖိုးသင့် အိမ်ရာနေရာက လက်ရှိ အလုပ်လုပ်နေတဲ့ မြစ်ဆိပ်နဲ့ ဝေးကွာသွားတဲ့ နေရာမျိုးဆိုရင် လုံးဝ အဆင်မပြေနိုင်ဘူးလို့ သူတို့တွေက ပြောဆိုကြပါတယ်။
လက်ရှိ အကောင်အထည်ဖော်နေတဲ့ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှာ တိုက်ခန်း တစ်ခန်းကို အနိမ့်ဆုံးဈေး ကျပ်သိန်း ၆၀ ကနေ အမြင့်ဆုံးဈေး ကျပ်သိန်း ၁၃၀ တန်ဖိုးရှိပါတယ်။ တန်ဖိုးနည်း အိမ်ရာအခန်းပေါင်း ၁၃၄၄ ခန်းကို ဝယ်ယူခွင့်ရရှိသူ စုစုပေါင်း ၁၀၆၇ ဦးကို ဦးစားပေးရောင်းချခဲ့ပြီး ကျန်ရှိတဲ့ အခန်းတွေကို အိမ်ရာမရှိတဲ့ ပင်စင်စားဝန်ထမ်းတွေ၊ တိုက်ပွဲကျ/ မုဆိုးမတွေ၊ မသန်စွမ်းတွေ၊ အိမ်ရာမဲ့ ဝန်ထမ်းတွေနဲ့ သာမန်ပြည်သူများကို ဆက်လက်ရောင်းချမှာ ဖြစ်ပါတယ်။
Credit: thevoicemyanmar