ရန်ကုန်မြို့သစ်စီမံကိန်းကို အစိုးရအနေဖြင့် အကောင်အထည်ဖော်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာ ၂၄ ရက်က ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်ရန်အတွက် ဆန္ဒပြတောင်းဆိုမှုများ ရှိခဲ့သည့်အတွက် စီမံကိန်း ပြန်လည်စတင်ရန် ရှိ၊ မရှိနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် “မြို့သစ်စီမံကိန်းကတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကိုယ်တို့ပဲ တင်ပြပြီး ကိုယ်တို့ပဲ ရပ်ဆိုင်းလိုက်တာပါ။ အဲ့ဒီမှာ ပြည်သူလူထုရဲ့ တောင်းဆိုမှုတင်ပြ လာမယ်ဆိုလို့ရှိရင်တော့ ဒါကို ဆင့်ကဲဆင့်ကဲ တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ သို့သော် ကိုယ်တို့အနေနဲ့ကတော့ ဒါကိုစတင်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ် မရှိပါဘူး” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။
ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို၊ တွံတေးစသည့် မြေဧက ၂၅ဝဝဝ ခန့်တွင် ရန်ကုန်မြို့သစ် စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအား တာဝန်ပေး အကောင်အထည်ဖော်မည်ဟု ဩဂုတ် ၂၂ ရက် တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်က အသိပေးခဲ့သည်။ သို့ရာတွင် အဆိုပါ စီမံကိန်းအားကို တိတ်တဆိတ် လျှို့ဝှက်စွာလုပ်ဆောင်ခဲ့မှုနှင့် စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီအား ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူခဲ့ခြင်းမရှိဘဲ လက်သိပ်ထိုး လုပ်ခဲ့ခြင်းအပေါ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အဘက်ဘက်က ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။
ထို့နောက် စီမံကိန်း အကောင်အထည်ဖော်မည့် မြေဈေးများ အဆပေါင်းများစွာ ထိုးတက်သွားခဲ့ပြီး တရုတ်နှင့် တရုတ် အနွယ်ဝင် တိုင်းရင်းသား အမည်ခံများက မြေကွက်များ လိုက်ဝယ်ခဲ့ကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သမက်ဖြစ်သူ ပါဝင်ပတ်သက်သည်ဟုဆိုသည့် တရုတ်လူမျိုး ရှောက်စန်းပိုင်ကုမ္ပဏီမှ ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာတစ်ဝိုက် မြေဧက ထောင်နှင့်ချီ၍ ကြိုတင်ဝယ်ယူ ထားမှုများရှိခဲ့ပြီး ယင်းကိစ္စအား ဖော်ထုတ်ရှင်းလင်းပေးရန် တောင်းဆိုခဲ့ကြသည်။
အလားတူ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် ဥပဒေလည်း ပြဋ္ဌာန်းထားခြင်းမရှိ၍ အကောင်အထည် ဖော်ခဲ့ပြီးပါက နောက်ဆက်တွဲ ကြုံတွေ့ရမည့် ပြဿနာများကို မည်သူက တာဝန်ခံဖြေရှင်း ပေးမည်ကိုလည်း မေးခွန်းထုတ်ဝေဖန် ထောက်ပြခဲ့ကြသည်။
သို့ဖြစ်ရာ စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးအရ မြို့သစ်စီမံကိန်းအား ထပ်မံလေ့လာသုံးသပ်ရန် လိုအပ်သည့်အတွက် ရပ်ဆိုင်းကြောင်း စက်တင်ဘာ ၂၆ ရက် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် မြို့သစ်စီမံကိန်းအား ရုပ်သိမ်းကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြန်လည်တင်ပြ ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရုပ်သိမ်းပြီးနောက် အဆိုပါနေရာရှိ မြေကွက်ဈေးများ သိသာစွာ ထိုးကျသွားခဲ့သည်။
Credit: eleven media group