မြန်မာနိုင်ငံက အဆောက်အဦးသစ်တွေဟာ လွန်ခဲ့တဲ့ ၁ဝနှစ်ကစပြီး ၈ထပ်နဲ့အထက်ကျော်တဲ့ အဆောက်အအုံတွေမှာ မြေငလျင်ဒဏ်ခံနိုင်ဖို့ ထည့်တွက်ဆောက်လုပ်ထားပေမယ့် ၁ဝနှစ်မတိုင်ခင်က ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင်ကြရဲ့လား။ ငလျင်ဒဏ်ခံနိုင် မနိုင် ဘယ်လိုပြန်ဆန်းစစ်ကြမလဲ။
မြေငလျင်ဒဏ်ခံနိုင်ခြင်းရှိ မရှိသိနိုင်ဖို့ ခိုင်ခန့်မှုအားနည်းတဲ့ အဆောက်အအုံဟောင်းတွေလည်း ရှိတာကြောင့် ပြန်လည်ရှာဖွေစစ်ဆေးပြီး ပြုပြင်သင့်တယ်လို့ ဆိုလာသူက ဦးစောထွေးဇော်ပါ။ ဒီနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကတော့ နည်းပညာနဲ့ ငွေကြေးဖြစ်ပြီး ငလျင်နဲ့ပတ်သက်လို့ ပညာရှင်တွေဟာ နယ်ပယ်အစုံမှာ မရှိကြတာမို့ မြေငလျင်နဲ့ပတ်သက်ပြီး သင်တန်းကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးတာမျိုး လိုတယ်လို့ ထောက်ပြခဲ့ပါတယ်။
ငလျင်ဘေး ကျရောက်နိုင်တဲ့ ရှေးကျတဲ့အဆောက်အအုံတွေ ပြန်လည်စစ်ဆေးဖို့ နည်းပညာဆိုင်ရာ ဟောပြောပွဲကို ဒီဇင်ဘာ ၁၉ရက်နေ့က အင်ဂျင်နီယာအသင်းမှာ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ မောင်းဂွတ် နည်းပညာတက္ကသိုလ်က လက်ထောက်ပါမောက္ခ၊ မဟီဒေါ အင်ဂျင်နီယား ဝန်ဆောင်မှုအသင်းက ဒါရိုက်တာနဲ့ ပညာရှင်တစ်ဦးတို့က ဟောပြောဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံက မြို့ကြီးအများစုဟာ စစ်ကိုင်းပြတ်ရွေ့ကြောနားတစ်လျှောက် တည်ရှိနေကြပြီး ပြီးခဲ့တဲ့ နှစ် ၃ဝအတွင်း ပြင်းထန်တဲ့ ငလျင်တွေမဖြစ်ခဲ့ပေမယ့် အချိန်မရွေး ထဖြစ်နိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အင်ဂျင်နီယာတွေသာမက ပြည်သူတွေကိုပါ အသိပညာပေး လုပ်ဆောင်နေတာဖြစ်တယ်လို့ Elizabeth Kenyon က ပြောပါတယ်။
မြန်မာအင်ဂျင်နီယာအသင်းအနေနဲ့ အဆောက်အအုံသစ်တည်ဆောက်ရာမှာ လိုက်နာရမယ့် အချက်တွေနဲ့ ပတ်သက်ပြီး နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်သွားမှာဖြစ်ပေမယ့် ငလျင်ဒဏ်မခံနိုင်တဲ့ အဆောက်အအုံတွေကိစ္စ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စည်းမျဉ်းစည်းကမ်းတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
Credit: kamayutmedia