တရုတ်နိုင်ငံ ဘေဂျင်းလိုမြို့ကြီးမျိုးမှာ တိုက်ခန်းသေးသေးလေး ရဖို့ဆိုတာ မလွယ်ပါဘူး။ နေထိုင်သူက ၂၁ သန်းရှိပါတယ်။ တိုက်ခန်းဈေးနှုန်းတွေက မိုးထိုးနေပါတယ်။
ဒါပေမဲ့ နွမ်းပါးသူတွေအတွက် နေစရာအရပ်တစ်ခုတော့ ရှိနေပါတယ်။ ကျူးကျော်ရပ်ကွက်လိုမျိုး မြို့စွန်မှာ နေထိုင်တာမျိုး မဟုတ်ဘဲ မြေအောက်မှာ နေထိုင်ကြတာဖြစ်ပါတယ်။
ခန့်မှန်းခြေအရ ဒီလိုမြေအောက်မှာ နေထိုင်နေသူ ၁ သန်း ရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေကို ကြွက်တွေလို့ ခေါ်ကြပါတယ်။
ဗုံးခိုကျင်းတွေ၊ မြေအောက်သိုလှောင်ရုံတွေကို လူနေအိမ်အဖြစ် ပြောင်းလဲထားတာ ဖြစ်ပါတယ်။
Southern California တက္ကသိုလ်မှ ပါမောက္ခ အနက်တီကင်ဟာ မြို့ပြလူမှုစနစ်ကို သုတေသနပြုနေသူ တစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်လုံး ဘေဂျင်းရဲ့ မြေအောက်အိမ်ယာဈေးကွက်ကို လေ့လာနေခဲ့ပါတယ်။
“ဒီလို မြေအောက်နေရာလွတ်တွေ အများရှိနရတဲ့ အကြောင်းက ဗုံးခိုကျင်းတွေ၊ မြေအောက်ခန်းတွေဆောက်ဖို့ တရားဝင်စည်းမျဉ်း ချမှတ်ထားလို့ဖြစ်ပါတယ်” လို့ ကင် က ပြောကြားခဲ့ပါတယ်။တိုက်ခန်းအိမ်ယာတွေမှာ မြေအောက်အခန်းကျဉ်းလေးတွေ ၁ ထပ်ကနေ ၃ ထပ်လောက်ထိ ရှိတတ်တယ်လို့ ဆိုပါတယ်။ နေထိုင်သူတွေဟာ အိမ်သာနဲ့ မီးဖိုချောင်တွေကို မျှသုံးကြပါတယ်။
တံခါးပေါက်မရှိတဲ့ ဒီမြေအောက်ခန်းလေးတွေဟာ အိပ်ရာတစ်ခုထားလောက်အောင် ဆန့်ပါတယ်။
ပျှမ်းမျှအားဖြင့် တစ်လ ဒေါ်လာ ၇၀ ဆိုတဲ့ ဈေးနှုန်းကလည်း နွမ်ပါးသူတွေတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်တယ်လို့ ကင်ကပြောပါတယ်။
ဒါပေမဲ့ ၂၀၁၀ မှာ တရုတ်အိမ်ယာမြေ အပြောင်းအလဲ ဖြစ်သွားပြီ ဒီမြေအောက်နေထိုင်သူတွေဟာ ဥပဒေမဲ့ နေထိုင်သူတွေ ဖြစ်သွားပါတယ်။
ဒီလို မြေအောက်နေထိုင်သူတွေကို မြေပေါ်နေထိုင်သူတွေက သိပ်မနှစ်သက်ပါဘူး။ အထူးသဖြင့် အနားမှာ မြေအောက်ခန်းတွေ ရှိနေတဲ့ မြေပေါ်နေထိုင်သူတွေ ဖြစ်ပါတယ်။
“အဲဒီ့အောက်ထဲ ဘယ်သူတွေ နေနေတယ်ဆိုတာ သူတို့မသိဘူး။ အပေါ်နဲ့အောက်နဲ့ ဆက်ဆံမှုလည်း မရှိဘူး။ဒါကြောင့် လုံခြုံရေးအတွက်ကြောက်နေကြတယ်” လို့ ကင်က ဆိုပါတယ်။
တကယ်တော့ မြေအောက်နေထိုင်သူတွေဟာ ကျေးလက်နဲ့ နယ်မြို့လေးတွေက ပြောင်းလာသူတွေဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေဖြစ်ပြီး သူတို့က ဘေဂျင်းလိုမြို့ကြီးမှာ အလုပ်လုပ်ဖို့ လာကြတာဖြစ်ပါတယ်။စားပွဲထိုးနဲ့ စတိုးဆိုင်စာရေးကနေ နည်းပညာ အလုပ်သမားတွေထိ ပါပါတယ်။ ဒီလူတွေဟာ မြေပေါ် အခန်းလေးတစ်ခန်းတောင် မတတ်နိုင်တာကြောင့် မြေအောက် ရောက်သွားကြတာပါ။
ကင်ရဲ့အဆိုအရ မြေအောက်ခန်းတွေမှာလည်း အမျိုးမျိုးရှိပြီး ညစ်ညစ်ပတ်ပတ်နဲ့ ခပ်မှောင်မှောင်အခန်းတွေကနေ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားတဲ့ အခန်းထိရှိပါတယ်။
ဒါပေမဲ့ ဒီမြေအောက်ခန်းတွေကို အပြင်လူကြည့်ဖို့ မလွယ်ပါဘူး။ ဒီမြေအောက်ခန်းတွေကို အဌားချထားတဲ့ ပိုင်ရှင်တွေဟာ သူတို့မြေအောက်ခန်းကို တစိမ်းတွေ ခေါ်လာတာကို လုံးဝတားမြစ်ထားပါတယ်။
မြေအောက်ခန်း ကျဉ်းကျဉ်းကျပ်ကျပ်လေးတွေကို ဌားရမ်းနေထိုင်နေတဲ့ “ကြွက်”ဆိုတဲ့ ဒီလူတွေကတော့ သူတို့နေရာကို အသားကျနေကြပြီ လို့ “တရုတ်၏ကြွက်လူမျိုးများ” ဆိုတဲ့ ဓာတ်ပုံမှတ်တမ်းကို ပြုလုပ်ခဲ့တဲ့ ဓာတ်ပုံဆရာ စင်ချီယင်က ပြောကြားပါတယ်။
ညဘက်မှာ လူတွေ ချက်ပြုတ်နေတာကို ကြားရတယ်။ ဘေးခန်းကလူတွေ ပြောကြတာကို ကြားရတယ်။ လူတွေ တီဗီကြည့်နေတာကို ရှင် ကြားနိုင်ပါတယ်။ အရမ်းကြီးတော့ မဆိုးပါဘူး။ တစ်နေကုန် အလုပ်မှာပဲ နေရတာလေ။ ပြန်လာတော့ အိပ်ဖို့ လုံလုံခြုံခြုံနေရာလေးရရင် တော်ပြီပေါ့”လို့ စင် တွေ့ခဲ့တဲ့ မြေအောက်နေထိုင်သူ ခြေသည်းလက်သည်းပညာရှင် အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတယ်။
ပါမောက္ခကင်ရဲ့ အဆိုအရတော့ ကြွက်လို့ခေါ်တဲ့ ဒီလူတွေဟာ မြို့ကြီးပြကြီးတွေကို မျှော်လင့်ချက်တွေနဲ့ တက်လာသူတွေပါ။ သူတို့ရဲ့ မပါမဖြစ် ရည်မှန်းချက်ကတော့ သူတို့မွေးတဲ့ သားသမီးတွေဟာ မြေပေါ်မှာ နေထိုင်ရပါမယ်။ သူတို့သားသမီးတွေကို ကြွက်လို့အခေါ်ခံရမှာကို မလိုလားပါဘူး။
Credit : iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)