အထပ်မြင့် အဆောက်အအုံများ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စည်ပင်သာယာရေး ကော်မတီတို့မှ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် အညီ စဉ်ဆက်မပြတ် ဆောက်လုပ် ခွင့် ပြုပေးလျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် ဝန် ဦးလှမြင့်က ပြောသည်။
”အခု ကော်မတီက ကိုးထပ်က နေ ၁၂ ထပ်အကြား အဆောက်အအုံ ၄၇ လုံးနဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ က ၁၂ ထပ်အထက် အဆောက်အအုံ ၆၅ လုံး ခွင့်ပြုပေးထားပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမယ် ဆိုရင် စဉ်ဆက်မပြတ် ခွင့်ပြုပေးနေ ပါတယ်”ဟု ၎င်းက ပြောသည်။
ရွှေတိဂုံစေတီတော်အနီးတစ်ဝိုက် ရှိ အဆောက်အအုံများကို အမြင့်ပေ ၁၉ဝ ထက် မကျော်စေရန်နှင့် အခြား နေရာများရှိ အထပ်မြင့် အဆောက် အအုံများကို အမြင့် ၄၁၇ ပေထက် ကျော်လွန်ကာ တည်ဆောက်ခြင်း မပြုရန် ညွှန်ကြားထားသော်လည်း အချို့အဆောက်အအုံများမှာ လမ်း အကျယ်၊ မြေအနေအထားနှင့် ဆောက်လုပ်ရေးဆိုင်ရာ ပြဿနာ အချို့ရှိနေခြင်းကြောင့် သတ်မှတ် အမြင့်ထက် နှိမ့်ကာ ဆောက်လုပ်မှု များပြားနေဆဲ ဖြစ်ကြောင်း သိရ သည်။
မြို့ပြ မြင်ကွင်းတွင် ရွှေတိဂုံစေတီ တော် ကွယ်ပျောက်နေခြင်း မရှိစေရန် အတွက် ကန့်သတ်နေရာများ သတ် မှတ်ထားရာ ၁၉၉၄ ခုနှစ်၌ ထုတ်ပြန် ခဲ့သည့် အမိန့်ကြော်ငြာစာများအရ အရှေ့ဘက်တွင် အလံပြဘုရားလမ်း၊ တိရစ္ဆာန်ဥယျာဉ်လမ်း၊ ကန်လမ်း၊ စက်ရုံလမ်း၊ နတ်မောက်လမ်း၊ ကမ္ဘာ အေးဘုရားလမ်း၊ အနောက်ဘက် တွင် ပြည်လမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း၊ မြို့ပတ်လမ်း၊ ယောမင်းကြီးလမ်း၊ မြောက်ဘက် တွင် ဓမ္မစေတီလမ်းတို့အထိ သတ် မှတ်ခဲ့ထားပြီး ယခုနောက်ပိုင်း ဗဟို လမ်းနှင့် ရှင်စောပုလမ်းအထိ တိုးချဲ့ သတ်မှတ်ထားခဲ့သည်။
”ရွှေတိဂုံဘုရားပတ်လည်အား ပေ ၁၉ဝ နဲ့ အပြင်ဘက်ကို ၄၁၇ ပေ အထိ ပေးထားတယ်။ Road building ratio အကျယ်အဝန်း ဘယ်လောက် ထားရမယ်ဆိုတဲ့ စည်းကမ်းတွေ ရှိပါ တယ်။ မြေအနေအထား၊ လမ်းအနေ အထားနဲ့ တခြားအချက်အလက် တွေပေါင်းလိုက်ရင် ၄၁၇ ပေအထိ ခွင့်ပြုထားပေမယ့် ပေ ၃ဝဝ လောက် အထိပဲ ဆောက်တာတွေလည်း ရှိပါ တယ်”ဟု ၎င်းက ပြောသည်။
Road building ratio အရ အထပ်မြင့် အဆောက်အအုံများကို လမ်းအကျယ်၏ နှစ်ဆ၊ ထပ်တိုး လေးပေခွဲအမြင့် ပုံစံဖြင့် တွက်ချက်ပြီး ခွင့်ပြုပေးနေခြင်းဖြစ်သည့်အတွက် ဆောက်လုပ်လိုသူများအနေဖြင့် အဆောက်အအုံ မဆောက်လုပ်မီ အဆောက်အအုံ ပုံစံငယ်၊ အမြင့်၊ အကျယ်အဝန်းနှင့် လမ်းအကျယ် တို့ကို ဦးစွာတင်ပြရမည်ဖြစ်သည်။
ထို့ပြင် အဆောက်အအုံ တည် ဆောက်သည့် standard ratio အရလည်း အမြင့်ပေအား ပုံမှန် ဖောင်ဒေးရှင်းဖြင့်ဆိုလျှင် မျက်နှာဝ အကျယ်၏ သုံးဆ၊ ပိုင်ဖောင်ဒေး ရှင်းဖြင့်ဆိုလျှင် လေးဆအမြင့်အထိ တွက်ချက်ကာ ဆောက်လုပ်ခွင့်များ ကို စဉ်ဆက်မပြတ် ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။
”တိုက်တွေကို ဆောက်ဖို့ အဆို လာပြုတဲ့အခါမှာ လိုင်စင်ရှိနှင့် ထားပြီးဖြစ်တဲ့ ကန်ထရိုက်နဲ့ပဲ ခွင့်ပြု ချက်တင်ပြီး ဆောက်စေချင်တယ်။ ရပ်ကွက်နေ ပြည်သူတွေရဲ့ ကန့်ကွက် ရန် မရှိဘူးဆိုတဲ့ ထောက်ခံချက် လည်း လိုပါတယ်။ စာရွက်စာတမ်း တွေ ပြည့်စုံတာနဲ့ ဆောက်လုပ်ခွင့် တွေကို အမြန်ဆုံး ချပေးနေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။
Credit: the trade times