စက်မှုလုပ်ငန်းမလုပ်ကိုင်တဲ့ စက်မှုဇုန်မြေကွက် တွေကို ပြန်လည်အပ်နှံရမည် ဆိုတာကြောင့် မန္တလေးစက်မှုဇုန် ရှိ မြေကွက် တွေကို ထုတ်ရောင်းတာတွေရှိလာတယ်လို့ မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင် တွေထံက သိရပါတယ်။
စက်မှုဇုန်လုပ်ငန်းတွေရဲ့ လုပ်ငန်းစီမံချက်ကို ယခုလ ၃၁ ရက်နေ့မှာ တင်ပြရမှာဖြစ်ပြီး လုပ်ငန်းစီမံချက် မတင်ပြနိုင်တဲ့ မြေကွက်တွေကို ပြန်လည်အပ်နှံရမယ် ဆိုတာကြောင့် စက်မှုလုပ်ငန်း မလုပ်တဲ့မြေကွက်၊ အဆောက်အအုံ ဆောက်လုပ်ထားပြီး စက်မှုလုပ်ငန်းမလုပ်ကိုင်တဲ့ မြေကွက်တွေကို ထုတ်ရောင်းလာကြတာဖြစ်ပါတယ်။
" မန္တလေးစက်မှုဇုန် မြေကွက်တွေမှာ ၀ယ်တဲ့သူတွေက အကျိုးအမြတ်မျှော်ကိုးပြီး ရင်းနှီးကြတာပါ၊ အခုရှုံးမှာကြောက်လို့ ထုတ်ရောင်းလာကြတယ်၊ ရောင်းချင်တဲ့သူ များတယ်"လို့ မန္တလေးစက်မှုဇုန် အိမ်ခြံမြေအကျိုးဆောင် ဦးဝင်းကျော်ဇောက ပြောပါတယ်။
မန္တလေးစက်မှုဇုန်မြေကွက်တွေက ရောင်းချင်တဲ့မြေကွက်သာများပြီး ၀ယ်ယူတဲ့သူမရှိတာကြောင့် ဈေးနှုန်းတွေလဲ ကျလာတယ်လို့ သိရပါတယ်။ "တစ်ဧက ကျပ်သိန်း ၂၃,၀၀၀ လောက်ရှိတဲ့မြေကွက်ကို ၁၈,၀၀၀လောက်ဆိုရင် ရောင်းချင်နေကြတယ်၊ ကြားကွက်ပေ ၄၀× ပေ၆၀ မြေကွက်တွေဆိုရင် သိန်း ၃၈၀ ၀န်းကျင်လောက်ပဲ ရှိတော့တယ်"လို့မန္တလေးစက်မှုဇုန်မှာအိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းလုပ်ကိုင်တဲ့ ဦးမျိုးလွင်က ပြောပါတယ်။
မန္တလေးစက်မှုဇုန် မြေကွက် တွေကို ယခုအခါ ၀ယ်ယူတဲ့သူ မရှိတာကြောင့် စက်မှုလုပ်ငန်းမလုပ်ကိုင်နိုင်တဲ့ မြေကွက်ပိုင်ရှင် အချို့ကလည်း စက်မှုလုပ်ငန်းလုပ်ကိုင်လိုတဲ့ အခြားလုပ်ငန်ရှင်တွေကို ပြန်လည်ငှားရမ်းဖို့ စီစဉ်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
Credit : kumudra