အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏အိမ်ရာအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာပြီး ယင်းသို့ဝင်ရောက်ရာတွင် စင်ကာပူနှင့်ဟောင်ကောင်တို့မှာ အများဆုံးဝင်ရောက်လာသော နိုင်ငံများဖြစ်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှရရှိသော သတင်းများအရသိရသည်။
"အဓိက,က ဟိုတယ်နဲ့ပတ်သက်တဲ့ Investment တွေအများအပြားဝင်လာတယ်။ နောက်တစ်ခုက Real Estate နဲ့ပတ်သက်တဲ့ Investment တွေများများဝင်လာတယ်။ မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းအိမ်ရာအဆောက်အအုံကဏ္ဍမှာ အဓိက၀င်လာတဲ့နိုင်ငံတွေကတော့ စင်ကာပူနဲ့ဟောင်ကောင်တို့ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးကပြောကြားသည်။
သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုကိုသုံးသပ်ကြည်ပါက လျှပ်စစ်ဓာတ်အားပေးကဏ္ဍမှာ ထိပ်ဆုံးရပ်တည်နေကြောင်း၊ ဒုတိယအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍဖြစ်ကြောင်း၊ တတိယအနေဖြင့် တယ်လီကွန်းကဏ္ဍဖြစ်ကြောင်းလည်း သိရသည်။
"အရင်က ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာမရှိပါဘူး။ အခုတော့ လျှပ်စစ်ကဏ္ဍပြီးရင် ကုန်ထုတ်လုပ်မှုကဏ္ဍက နံပါတ်နှစ်နေရာမှာရှိလာတယ်။ အဓိကအားဖြင့် နိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မယ့် အထည်ချုပ်လိုလုပ်ငန်းမျိုးတွေ၊ Electronic ပစ္စည်းတပ်ဆင်တဲ့လုပ်ငန်းတွေ၊ ကျန်တဲ့လုပ်သားအင်အားအများအပြားသုံးရတဲ့ Labour Intensive Industry ကို အများအပြားဖိတ်ခေါ်နိုင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ တတိယက Telecom ပါ။ Infrastructures ဆောက်မယ့် တာဝါတိုင်ထောင်မယ့်ကုမ္ပဏီတွေဝင်တာတယ်။ ဒါကြောင့် တယ်လီကွန်းသည် တတိယနေရာရှိလာတယ်။ တယ်လီကွန်းဆိုတာ ၂၀၁၁ ခုနှစ်မတိုင်ခင်က နောက်ဆုံးကပဲရှိနေပြီး နည်းနည်းလေးပဲရှိတာပါ" ဟု ၎င်းကဆိုသည်။
MIC အနေဖြင့် လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုများကို Promote လုပ်သည့်အခါ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မည့် Labour Intensive Industry ကိုဦးစားပေးထားကြောင်း၊ ဒုတိယအဆင့်အနေဖြင့် Value Added Industry ဖြစ်ကြောင်း၊ တတိယအနေဖြင့် အကြီးစားစက်မှုလုပ်ငန်းများဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် အကြီးစားစက်မှုလုပ်ငန်းများဝင်လာရန် ကန့်သတ်ချက်များရှိနေသေးကြောင်း၊ အဓိကအနေဖြင့် လျှပ်စစ်ဓာတ်အားများကို လုံလောက်အောင်မပေးနိုင်သေးကြောင်း၊ အလားတူ ဆိပ်ကမ်းနှင့်ပတ်သက်သည့် အခြေခံအဆောက်အအုံများလည်း အားမကောင်းသေးကြောင်း၊ အနည်းငယ်အချိန်ပေးရဦးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံကဏ္ဍတွင် အိမ်နီးချင်းတရုတ်နိုင်ငံအနေဖြင့် စင်ကာပူမှတစ်ဆင့်ခံ၍ ၀င်ရောက်မှုများရှိနေကြောင်း၊ အချို့မှာနိုင်ငံသားအမည်ခံ၍ ၀င်ရောက်မှုများရှိကြောင်း၊ အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်အတူ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှစ်ခုစလုံးကို ခွင့်ပြုပေးထားသည့်အတွက် အချို့က စင်ကာပူတစ်ဆင့်ခံ၍ ၀င်ရောက်မှုများရှိသကဲ့သို့ အချို့က နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအောက်တွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနေကြကြောင်း၊ အလားတူ MIC ခွင့်ပြုချက်ဖြင့် ၀င်ရောက်ရင်းနှီးမြှုပ်နှံနေသော အိမ်ရာအဆောက်အအုံများရှိသကဲ့သို့ MIC အားမဖြတ်ထားသည့် လုပ်ငန်းများလည်းရှိနေကြောင်း စုံစမ်းသိရသည်။
ဥပမာ-မူဆယ်တွင်ရင်းနှီးမြှုပ်နှံနေသော New Star Light ကုမ္ပဏီသည် MIC ခွင့်ပြုချက်ရယူထားသော်လည်း မန္တလေးရှိ မင်္ဂလာမန္တလေးမှာMIC ခွင့်ပြုချက်ရယူထားခြင်းမရှိကြောင်း ဦးအောင်နိုင်ဦးကပြောကြားသည်။
ပြီးခဲ့သည့်အောက်တိုဘာလကုန်အထိ ပြုစုထားသောစာရင်းများအရ တရုတ်နိုင်ငံသည် လုပ်ငန်းပေါင်း ၅၈ ခုတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်းပေါင်း ၁၄၃၉၁ ဒသမ ၃၃၅ ဖြင့် ပထမ၊ စင်ကာပူနိုင်ငံသည် လုပ်ငန်း ၁၀၆ ခုတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၆၆၈၆ ဒသမ ၅၈၈ ဖြင့် ဒုတိယနှင့် ဟောင်ကောင်သည် လုပ်ငန်း ၇၃ ခုတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ၆၅၁၁ ဒသမ ၂၁၇ ဖြင့် တတိယတို့ဖြစ်ကြောင်း၊ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံအသီးသီးမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် အောက်တိုဘာလကုန်အထိရရှိထားသောကိန်းဂဏန်းများအရ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၃၃၈ ဒသမ ၆၉၃ ဖြစ်ကြောင်း သိရသည်။
Credit: eleven media group