ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဘရာဇီးနိုင်ငံမှ မန်နိုအယ် အိန်ဂျလင်း ဒီနိုနှင့် မာရီယာ ဒီ ဆူဆာ ဒီနိုတို့ ဇနီးမောင်နှံသည် သက်ရှိထင်ရှား ဇနီးမောင်နှံများအနက် ကမ္ဘာ့သက်တမ်းအရှည်ဆုံးအိမ်ထောင်ရေးအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန်တင်ခဲ့သည်။
၎င်းတို့၏ အိမ်ထောင်သက်တမ်းမှာ ၈၄ နှစ်၊ ၇၇ ရက်ဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ ထူးကဲသော အိမ်ထောင်ရေးခရီးမှတ်တိုင်တွင် သားသမီး ၁၃ ဦး ထွန်းကားခဲ့ပြီး မြေး ၅၅ ဦး၊ မြစ် ၅၄ ဦးနှင့် တီ ၁၂ အထိ ရှိသည်။
ဒီနိုတို့စုံတွဲ၏ အချစ်ခရီးမှာ ရာစုနှစ် တစ်ခုနီးပါး သက်တမ်းရှိနေသည်။
ထိုသို့ ကြီးမားသည့် မိသားစုကြီးတစ်ခုကို ဆောက်တည်ခဲ့ချိန်တွင် မိဘအုပ်ထိန်းမှု လမ်းညွှန်စာအုပ်များ၊ မိသားစုရေးရာ ကျွမ်းကျင်ပညာရှင်တို့၏ ဘလော့ဂ်များ၊ အကြံဉာဏ်ယူစရာ လူမှုကွန်ရက်များ မရှိခဲ့ချေ။
အိမ်ထောင်ရေးနှင့် မိဘအုပ်ထိန်းမှုရေးရာတို့ ပိုမိုရှုပ်ထွေးလာနေသော မျက်မှောက်ခေတ် ကမ္ဘာကြီးတွင် ဒီနိုတို့ ကိုင်စွဲထားသော အရာမှာ ယနေ့ခေတ် ရှားပါးနေပြီဖြစ်သော “ရိုးရှင်းမှု” ပင် ဖြစ်သည်။
အမေရိကန်ပြည်တွင် အိမ်ထောင်ရေးတို့၏ ၄၃ ရာခိုင်နှုန်းမှာ ကွာရှင်းခြင်းဖြင့် အဆုံးသတ်ကြပြီး လေ့လာချက်များအရ ဇနီးမောင်နှံများ၏ ၆၇ ရာခိုင်နှုန်းမှာ သားသမီးရပြီးလျှင် ဆက်ဆံရေးမကောင်းကြတော့ရာ ဒီနိုတို့စုံတွဲ၏ ခိုင်မြဲသောအချစ်မှာ ထူးခြားနေသည်။
မျက်မှောက်ခေတ်တွင် မိဘအုပ်ထိန်းမှုအတွက် ဖိအားကြီးစွာ ခက်ခက်ခဲခဲ ရုန်းကန်နေရသူများအနေဖြင့် မျိုးဆက်ကြီးတစ်ခုလုံးကို ပျိုးထောင်ပေးခဲ့သော ဒီနိုတို့ထံမှ မည်သည့်အရာများ သင်ယူလေ့လာနိုင်သနည်း။
၁။ ကလေးအုပ်ထိန်းမှုကိစ္စမှာ တစ်ဦးတည်းကိစ္စမဟုတ်
များမြောင်လှသော အလုပ်ကိစ္စများ၊ မိခင်စိတ်နှင့် အားလုံးကို ဖြည့်ဆည်းလိုသည့် လူမှုရေးကိစ္စများအကြား မျက်မှောက်ခေတ် မိဘများမှာ အထီးကျန်သည်ဟု ခံစားလာရသည်။
၂။ လက်ထပ်ခြင်းမှာ အချစ်အတွက်သက်သက်မဟုတ်၊ တစ်ဦးကိုတစ်ဦး ဖေးမကူညီခြင်းလည်းဖြစ်
မန်နိုအယ်တိို့အိမ်ထောင်သက် ရာစုနှစ်တစ်ခုနီးပါးအတွင်း ငွေကြေးကျပ်တည်းမှုများ ရင်ဆိုင်ခဲ့ရသည်။
အတူဖြတ်သန်းစဉ်ကာလအတွင်း ကြီးမားသောမိသားစုကြီးကို ပြုစုပျိုးထောင်ခြင်း၊ လယ်ယာအတူလုပ်ကိုင်ခြင်းတို့ဖြင့် ၎င်းတို့၏ မိသားစုမှာ အသင်းအဖွဲ့တစ်ခုကဲ့သို့ ရှိခဲ့သည်။
၎င်းတို့၏ အိမ်ထောင်ရေး အဓွန့်ရှည်ခြင်းမှာ ဘဝအဆင်ပြေချောမွေ့နေသောကြောင့်မဟုတ်။ တစ်ဦးကိုတစ်ဦး ဖေးမမှုကြောင့် ဖြစ်သည်။
၃။ လုပ်ရိုးလုပ်စဉ်ကိစ္စများ၊ ဝတ်ပြုခြင်းများက မိသားစုကို တည်ငြိမ်မှုစေ
မန်နိုအယ်နှင့် မာရီယာတို့သည် ယနေ့တိုင် ရေဒီယိုမှလွှင့်သော (ကက်သလစ်ဘာသာဆိုင်ရာ) rosary ရွတ်ဖတ်မှု နားထောင်ခြင်း၊ သမ္မာကျမ်းစာရွတ်ဖတ်ပွဲများ ကြည့်ရှုခြင်းတို့ အတူတကွ ပြုလုပ်လေ့ရှိသည်။
ထိုအလေ့အထမှာ အသေးအဖွဲ့ကလေးမျှသာဖြစ်သော်လည်း ၎င်းတို့အကြား ၈၅ နှစ်တိုင် ဆက်သွယ်မှု ရင်းမြစ်တစ်ခုလည်း ဖြစ်သည်။ သုတေသန လေ့လာချက်များအရ နေ့စဉ်အတူတကွ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ထားရှိမှုမှာ အိမ်ထောင်ရေးအပေါ် စိတ်ကျေနပ်မှု မြင့်တက်စေကြောင်း တွေ့ရှိထားကြသည်။
၄။ သားသမီးအုပ်ထိန်းရန် ပြီးပြည့်စုံသောနည်းလမ်းဟူသည်မရှိ၊ သို့သော် မေတ္တာတရားဖြင့် အရာရာကို ဖြတ်ကျော်နိုင်
သားသမီး ၁၃ ဦးကို ပြုစုပျိုးထောင်ပေးခဲ့သည်ဆိုခြင်းမှာ နည်းနည်းနောနော အောင်မြင်မှု မဟုတ်ချေ။
မျက်မှောက်ခေတ် မိသားစုတို့ကို မာရီယာက အကြံပြုသည်မှာ မေတ္တာတရား လက်ကိုင်ထားရန် ဖြစ်သည်။
ခေတ်ပြောင်းလာသည်နှင့်အမျှ အုပ်ထိန်းပုံနည်းလမ်းများလည်း ပြောင်းလဲလာသည်။ သို့သော် သားသမီးများ လိုအပ်သည်မှာ ပြီးပြည့်စုံသော အုပ်ထိန်းပုံမဟုတ်။ ချစ်တတ်သော မိဘများသာ ဖြစ်သည်။
၅။ ကိုယ်လက်ဆင့်ကမ်းခဲ့တဲ့ ဆိုဆုံးမစကားတွေက ကိုယ်ချန်ခဲ့မယ့် အမွေအနှစ်ဖြစ်
မန်နိုအယ်နှင့်မာရီယာတို့၏ အိမ်ထောင်ရေးအောင်မြင်မှုကို လုပ်ငန်းအောင်မြင်မှု၊ ဓနဥစ္စာတို့နှင့် တိုင်းတာ၍ မရချေ။
သားသမီး၊ မြေးမြစ်များအထိ လက်ဆင့်ကမ်းပေးခဲ့သည့် မေတ္တာတရား၏ တန်ဖိုးကြီးပုံ၊ လောကဓံကို ကြံ့ကြံ့ခံနိုင်မှု၊ ယုံကြည်ချက် အစရှိသည်တို့ကို ကြည့်ရှုရမည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Couple breaks Guinness World Record for longest marriage—84 years, 13 kids, 50+ grandkids