ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အယ်လ်ဖရက်ဒို မိုဆာ (Alfredo Moser) ၏ တီထွင်မှုမှာ ကမ္ဘာပေါ်ရှိ လျှပ်ဓာတ်ဓာတ်အားလိုင်း မရောက်သောနေရာများကို အလင်းဓာတ်ရစေခဲ့သည်။
ဘရာဇီးနိုင်ငံသား မိုဆာသည် မက္ကင်းနစ်တစ်ဦးဖြစ်ပြီး မီးပျက်သော နေ့တစ်နေ့တွင် သူ၏ နေအိမ် လင်းလင်းချင်းချင်းရှိစေမည့် နည်းလမ်းတစ်ခုကို အကြံရခဲ့သည်။
သူ၏ နည်းလမ်းမှာ ပလတ်စတစ်ဘူးခွံများထဲသို့ ရေနှင့် အစွန်းချွတ်ဆေး အနည်းငယ် ထည့်လိုက်ရုံသာ ဖြစ်သည်။
မိုဆာ၏ တီထွင်မှုမှာ ယခုအခါ ကမ္ဘာတဝန်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီဖြစ်ကာ အထူးသဖြင့် ဖိလစ်ပိုင်တွင် ကျေးလက်ဒေသရှိ နေအိမ်ပေါင်း သိန်းနှင့်ချီကာ သူ၏ နည်းလမ်းကို သုံးနေကြသည်။
((ဘယ်လိုလုပ်တာလဲ))
မိုဆာ၏ ရေသန့်ဘူးမီးလုံးမှာ နေ၏ အလင်းယိုင်မှုကို အခြေခံထားခြင်းဖြစ်ပြီး နေ့ဘက် မှောင်မိုက်သောအခန်းများကို အလင်းပေးရန် ဖြစ်သည်။
မိုဆာက ၂ လီတာ ရေဘူးကို ရေထည့်လိုက်ပြီးနောက် အစွန်းချွတ်ဆေး ၂ ဖုံးစာ ထည့်သည်။
ရေဘူးမှာ ကြည်လင်လေ ကောင်းလေဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် အမိုးတွင် drill ဖြင့် အပေါက်တစ်ခုဖောက်လိုက်ပြီး ရေဘူးထိပ်ပိုင်းကို အပေါက်ထဲသို့ ထိုးထည့်လိုက်ကာ ဘေးပတ်လည်အား polyester resin ဖြင့် ဖာထေးလိုက်၏။
ထိုအခါ မိုးရွာလျှင် မိုးမယိုတော့ကြောင်း မိုဆာက ပြောသည်။

(ဖိလစ်ပိုင်တွင်မူ သွပ်ပြားကို တစ်ပေ ပတ်လည်ခန့်ဖြတ်ကာ ရေဘူးထိပ် ၅ လက်မစာ ဝင်နိုင်မည့် အဝိုင်းပေါက် ဖောက်ပြီး ရေဘူးစွပ်လိုက်သည်။ ပတ်လည်နေရာများကို ဆီလီကွန်၊ ကော်တို့ဖြင့် ပိတ်နိုင်သည်။ ထို့နောက် အိမ်အမိုးသွပ်ပြားကိုလည်း ရေဘူးထိပ်ဝင်ဆန့်နိုင်မည့် အပေါက်တစ်ခုပေါက်လိုက်ကာ သွပ်ပြားစွပ်ထားသော ရေဘူးကို ထည့်ပေးလိုက်ခြင်းဖြစ်သည်)

(ရေသန့်ဘူးအဖုံးမှာ အနက်ရောင်ဆိုပါက ပိုမိုကောင်းမွန်သည့် ရလဒ်ရသည်။ ဖလင်ဘူးခွံဖြင့်လည်း ဖုံးထား၍ ရသည်)
ရေဘူးမီးလုံး၏ လင်းအားမှာ နေမည်မျှသာသနည်းဟူသောအချက်အပေါ်တွင်မူတည်ပြီး ၄၀ ဝပ်မှ ၆၀ ဝပ် မီးလုံး လင်းအားခန့် ရရှိကြောင်း ၎င်းက ပြောသည်။
ဘရာဇီးတွင် ၂၀၀၂ ခုနှစ်အတွင်း မကြာခဏ လျှပ်စစ်မီးပြတ်တောက်မှုများ ပေါ်ပေါက်စဉ်ကာလအတွင်း မိုဆာက ယခု မီးအိမ်ကို အကြံရခဲ့ခြင်း ဖြစ်သည်။
မိုဆာသည် ဘရာဇီးတောင်ပိုင်း Uberaba တွင် နေထိုင်သူ ဖြစ်သည်။
“ဘုရားက လူတိုင်းကို နေလုံးကြီး ပေးထားပါတယ်။ အလင်းက လူတိုင်းအတွက်ပါ။ ဒီနည်းက ငွေကုန်သက်သာပါတယ်။ ဓာတ်မလိုက်ဘူး။ မီတာခ တစ်ပြားမှ မကုန်ပါဘူး”
မိုဆာသည် အိမ်နီးချင်းများ၏ နေအိမ်များအပြင် အနီးဝန်းကျင်ရှိ စူပါမာ့ကက်များတွင်လည်း ရေဘူးမီးလုံးများ တပ်ဆင်ပေးခဲ့သည်။
ဖိလစ်ပိုင်တွင် လူဦးရေ၏ ၄ ပုံ ၁ ပုံခန့်မှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး လျှပ်စစ်မီး မသုံးနိုင်ရာ မိုဆာ၏ နည်းလမ်းမှာ အလုပ်ဖြစ်သည်။
လက်ရှိအားဖြင့် ဖိလစ်ပိုင် ကျေးလက်ဒေသ နေအိမ်ပေါင်း ၃၀၀,၀၀၀ ကျော်တွင် မိုဆာမီးအိမ်များ တပ်ဆင်ထားပြီး ဖြစ်သည်။
ဖိလစ်ပိုင်အပြင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့မှသည် တန်ဇန်းနီးယား၊ အာဂျင်တီးနားနှင့် ဖီဂျီတို့အထိ နိုင်ငံပေါင်း ၁၅ နိုင်ငံခန့်တွင် မိုဆာမီးအိမ်များ အသုံးပြုလျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Sunlight-powered 'bulbs' made from plastic bottles light up homes