ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
လူအများစုက အားရှိစေရန် အားဆေးများသောက်ကြသည်။ အချို့က လန်းဆန်းစေရန် ကော်ဖီသောက်၏။
စတိဗ် လတ်ဒ်ဝင်းကမူ မြွေဆိပ်ကို နှစ်သက်သည်။ သူသည် ၂၈ နှစ်တာလုံး အပတ်စဉ်ပုံမှန် မြွေဆိပ်များ ထိုးထည့်ခဲ့သူ ဖြစ်သည်။
လတ်ဒ်ဝင်းသည် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားသားဖြစ်ပြီး ပြီးခဲ့သော ၁၃ နှစ်တာလုံး မဖျားမနာခဲ့ခြင်းမှာ မြွေဆိပ်များကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် အခြားသော ကျန်းမာရေးကောင်းကျိုးများလည်းရှိကြောင်း လတ်ဒ်ဝင်းက ဆိုသည်။
လတ်ဒ်ဝင်းက ပြောသည်မှာ “ပြီးခဲ့တဲ့ တစ်နာရီလောက်ကပဲ ကျွန်တော်ဟာ မြွေဟောက်နဲ့ ခလောက်မြွေဆိပ် တွေ ထိုးခဲ့ပြီး အသက် ၂၃ နှစ်သားလေးလို အားအင်တွေရှိလာပါတယ်။ ကျွန်တော့်လို အသက် ၅၀ တန်း ရှိနေသူက ဒီလိုခွန်အားမျိုး ပြန်ရတာ တော်တော်လေးပဉ္စလက်ဆန်ပါတယ်” ဟု လတ်ဒ်ဝင်းက The Guardian သတင်းဌာနသို့ ပြောခဲ့သည်။
ထိုသို့ မြွေဆိပ်များထိုးခြင်းမှာ နုပျို ခွန်အားရှိစေရုံမျှမကဘဲ မြွေကိုက်ခံနိုင်သည့် ကြီးမားသည့် ကိုယ်ခံအားများရှိလာကြောင်း ၎င်းက ပြောသည်။
University of Copenhagen မှ သိပ္ပံပညာရှင်တို့က လတ်ဒ်ဝင်း၏ ကိုယ်ခန္ဓာမှ ပဋိပစ္စည်းများကို ရယူကာ မြွေဆိပ်ဖြေဆေးသစ်များ တီထွင်ထုတ်လုပ်နိုင်ရန် စမ်းသပ်လျက်ရှိသည်ဟု ဆိုသည်။
သို့သော် မြွေဆိပ်ထိုးပြီးလျှင် ယာယီအားဖြင့် ယောင်ရမ်းခြင်းဖြစ်ပေါ်ပြီး ပျားအကောင်ရာနှင့်ချီကာ အတုပ်ခံရသကဲ့သို့ မိနစ်အနည်းငယ်ခံစားရကြောင်း လတ်ဒ်ဝင်းက ပြောသည်ဟု Fox News သတင်းဌာနက ဖော်ပြသည်။
ကွန်နက်တီကပ်ပြည်နယ်တွင် ကြီးပြင်းခဲ့သူ လတ်ဒ်ဝင်းသည် မြွေတို့ကို အထူးစိတ်ဝင်စားသူ ဖြစ်သည်။
ကျောင်းနေစဉ်ကာလ ၆ နှစ်သားအရွယ်က ကျောင်းမှအိမ်သို့ ပြန်လာချိန်တွင် အဆိပ်မရှိသော မြွေတစ်ကောင် အကိုက်ခံရဖူးပြီး အလွန်နာကျင်သွားခဲ့သည်။
(မြေဆိပ်များ ထိုးထားခြင်းကြောင့် ၁၃ နှစ်တာလုံး မဖျားမနာဖူးကြောင်း လတ်ဒ်ဝင်းက ပြောသည်)
(မြွေဆိပ်ထိုးခြင်းကြောင့် နုပျိုကာ ခွန်အားရှိလာကြောင်း လတ်ဒ်ဝင်းက ဆိုသည်)
အသက် ၁၀ နှစ်သားအရွယ်တွင် မိဘများက လတ်ဒ်ဝင်းကို စပါးကြီးမြွေတစ်ကောင် လက်ဆောင်ပေးခဲ့သည်။
လတ်ဒ်ဝင်း၏ ဖခင် လေယာဉ်မှူးက လတ်ဒ်ဝင်းကို Bill Haast ဆိုသူထံ ခေါ်သွားသည်။ ထိုသူမှာ ခလောက်မြွေနှင့် မြွေဟောက်များကို အဆိပ်ထုတ်သူ ဖြစ်သည်။
Bill Haast သည်လည်း မိမိကိုယ်ကို မြွေဆိပ်များ ထိုးထည့်လေ့ရှိသူတစ်ဦးဖြစ်ပြီး တစ်ဘဝလုံး နာဖျားဖူးခြင်းမရှိဘဲ အသက် ၁၀၀ အထိ အသက်ရှည်ရှည်နေထိုင်သွားသည်။
လတ်ဒ်ဝင်း မြွေဆိပ်ယူသောနည်းမှာ ဖန်ခွက်တစ်ခုပေါ် ပလတ်စတစ်အုပ်လိုက်ပြီး ပလတ်စတစ်စကို မြွေပေါက်စေကာ မြွေဆိပ်ရယူခြင်း ဖြစ်သည်။
လတ်ဒ်ဝင်းထံတွင် မြွေ ၁၈ ကောင် မွေးမြူထားသည်ဟု ဆိုသည်။
ထိုသို့ မြွေဆိပ်ထိုးခြင်းများတွင် ရံဖန်ရံခါ၌ သေလုမျောပါးဖြစ်တတ်သည်။
တခါတွင် ခလောက်မြွေ၊ မျက်တောင်မွှေးပါသော တောင်အမေရိက မြွေပွေးနှင့် မြွေစိမ်းမြီးခြောက် (မြွေပွေးမျိုးနွှယ်ဝင်) အဆိပ် ၃ မျိုးရောစပ်ကာ ညာဘက် လက်ကောက်ဝတ်သို့ ထိုးထည့်ခဲ့ရာ အဆိပ်များ ဝင်သွားသည်နှင့် တပြိုင်နက် လတ်ဒ်ဝင်းမှာ မိမိကိုယ်ကို ကိစ္စချောပြီဟု မှတ်ထင်သွားခဲ့သည်။
ညာဘက်လက်မှာ အဆမတန် ယောင်ရမ်းလာခဲ့ပြီး ပုခုံးအထိ အရည်များဖြင့် ပြည့်နှက်လာသည်။
ထို့နောက် လတ်ဒ်ဝင်းမှာ ICU တွင် ၃ ရက်တာ အရေးပေါ် ကုသမှု ခံယူခဲ့ရသည်။ ဆရာဝန်တို့က ညာဘက်လက် ဖြတ်ကောင်းဖြတ်ရနိုင်သည်ဟု ပြောခဲ့ကြပြီး နောက်ဆုံးတွင်မူ လတ်ဒ်ဝင်းမှာ ပြန်လည်ကျန်းမာလာသည်။
(လတ်ဒ်ဝင်းကာ ဖန်ခွက်တစ်လုံးဖြင့် မြွေဆိပ်များ ထုတ်ယူလေ့ရှိသည်။)
((မှတ်ချက်။ လက်တွေ့ မစမ်းသပ်ပါနှင့်။ အန္တရာယ်အလွန်ကြီးပါသည်။ don't try this at home!)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Who needs ssssteroids? Punk rocker who injects himself with snake venom says it makes him feel younger and fitter