ဒီမိုကရက်တစ်ပါတီကိုယ်စားပြုသမ္မတလောင်းနေရာကို ဟီလာရီကလင်တန်နှင့် ယှဉ်ပြိုင်ခဲ့သူ ဘာနေဆန်ဒါ အိမ်ဖြူတော်သို့ မရောက်ရန် သေချာသွားပြီဖြစ်သောကြောင့် အမေရိကန်ပြည်ထောင်စု၊ ဗားမောင့်ပြည်နယ်၊ နော့သ်ဟီးရိုးမြို့ကလေးတွင် အခြေချနေထိုင်ရန်အတွက် နေအိမ်ဝယ်ယူလိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ချန်ပလိန်အမည်ရှိ ရေကန်ကြီးရှေ့တွင်တည်ရှိကာ အိပ်ခန်း လေးခန်းပါဝင်သော အဆိုပါနေအိမ်ကြီးကို ဘာနေဆန်ဒါက ကန်ဒေါ်လာ ၅၇၅၀၀၀ ဖြင့် ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။
နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၁၈၈၃ ကျယ်ဝန်းပြီး ရေကန်မျက်နှာစာ ပေ ၅၀၀ ခန့်နှင့် ထိစပ်မှုရှိကာ သာယာလှပသော ကန်ရေပြင်နှင့် အဝေးရှိ တောင်တန်းအလှတို့ကို ရှုမြင်နိုင်သည်။
ယင်းနေအိမ်ကြီးကို ၁၉၂၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရေချိုးခန်း ၃ ခန်းပါဝင်ကာ မီးဖိုဆောင်မှာ မိသားစုများသူများအတွက်ပင် ကောင်းစွာချက်ပြုတ်ပေးနိုင်သည့် မီးဖိုဆောင်မျိုးဖြစ်သည်။
ဧည့်ဂေဟာဆောင်တစ်ခုလည်း ပါဝင်ရာ နောင်တစ်ချိန်တွင် အဆိုပါဧည့်ဂေဟာသို့ ဟီလာရီကလင်တန် လာရောက်တည်းခိုဖွယ် ရှိသည်ဟု မျှော်လင့်ရသည်။
ဘာနေဆန်ဒါတွင် အခြားနေအိမ် ၂ လုံးလည်း ပိုင်ဆိုင်ရာ ဗားမောင့်ပြည်နယ်၊ ဘာလင်တန်မြို့တွင်ရှိသော နေအိမ်ကို ၂၀၀၉ ခုနှစ်က ကန်ဒေါ်လာ ၄၀၅၀၀၀ ဖြင့်ဝယ်ယူခဲ့ပြီး ၀ါရှင်တန်ဒီစီရှိ နေအိမ်ကိုမူ ၂၀၀၇ ခုနှစ်တွင် ကန်ဒေါ်လာ ၄၈၈၀၀၀ ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ဘာနေဆန်ဒါကို ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်တွင် မွေးဖွားခဲ့ပြီး အမေရိကန်သမိုင်းတွင် တသီးပုဂ္ဂလအမတ်အဖြစ် အရှည်ကြာဆုံးရပ်တည်ခဲ့သူတစ်ဦး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)