ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် မြေဧက ၁ ဒသမ ၆၅၂ ပေါ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ် တည်ဆောက်ခွင့် ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ဗဟန်းမြို့နယ်၌ ဟိုတယ် တည်ဆောက်ခွင့်ကို Sein Hninn Co.,Ltd. မှ ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းနေရာ အပြင် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့နယ်ရှိ မြေဧက သုည ဒသမ ၈၇၄ ပေါ်တွင်လည်း ဟိုတယ် တည်ဆောက်ခွင့်ကိုပါ ပူးတွဲ ရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ ပွင့်လင်းလာသော အခြေအနေများနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍသည် စီးပွားရေး တစ်ခုအဖြစ် လုပ်ကိုင်မှုများကြောင့် နိုင်ငံခြားသားများ ဝင်ရောက်မှု မြင့်တက်လာခဲ့ပြီး ဟိုတယ် တည်ဆောက်မှု လုပ်ငန်းများတွင် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များလည်း ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်လာကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ဟိုတယ် တည်ဆောက် ခွင့်များကို နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုရာတွင် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ ဟိုတယ် တည်ဆောက်ခွင့်ကို Regal Hospitality Co.,Ltd အား ခွင့်ပြုပေးခဲ့ပြီး မြေဧက ၄ ဒသမ ၈၂ဝ၉ ပေါ်တွင် ဟိုတယ် တည်ဆောက်မည် ဖြစ်သည်။
အလားတူ Pristine Lotus Hotel Group Co.,Ltd. ကိုလည်း ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ မြေဧက ၈ ဒသမ ၅၄ ပေါ်တွင် ဟိုတယ် တည်ဆောက်ခွင့် ပြုခဲ့ကြောင်း သိရသည်။
ဟိုတယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် ငွေကျပ် ၅၅ ဘီလီယံသာ ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ဟိုတယ် ၁၁ဝ၆ လုံး တည်ဆောက်ခဲ့ရာမှ ငွေကျပ် ၆ဝဝ ဘီလီယံ ကျော်အထိ ရှိလာသည်။
ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမည့် ဟိုတယ်ကဏ္ဍများသည် အရေးပါသော ကဏ္ဍတစ်ခု အဖြစ် ပါဝင်ပြီး နိုင်ငံတော် အစိုးရမှလည်း နိုင်ငံခြားသား၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု များဖြင့် ဟိုတယ် တည်ဆောက်ခွင့်များကို ခွင့်ပြုပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် စင်ကာပူနိုင်ငံမှ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ထိုင်း၊ မလေးရှား၊ ဗီယက်နမ် နိုင်ငံတို့ အပြင် ယခု နောက်ပိုင်းတွင် ဗြိတိန်၊ ဟောင်ကောင်၊ ယူအေအီးနှင့် လူဇင်ဘတ်နိုင်ငံ များမှလည်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင် လာကြကြောင်း သိရသည်။
Credit: မြ၀တီ