ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့် ရရှိသူများအား ကျပ်ငွေ (၁ ဒသမ ၅) ဘီလီယံ ထုတ်ချေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ ဖြိုးရေးဘဏ်မှ သတင်း ရရှိသည်။ ထိုကဲ့သို့ ချေးငွေ ထုတ်ပေးရာတွင် ချေးယူမည့် ငွေပမာဏ၏ တစ်ရာခိုင်နှုန်းအား ဘဏ်ဝန်ဆောင်ခ အဖြစ် ပေးသွင်း ရမည် ဖြစ်ကာ လေးနှစ် အရစ်ကျ ပြန်ဆပ် ရမည် ဖြစ်ကြောင်း သိရသည်။
ကျွန်မတို့က လျှောက်ထားတဲ့ သူတိုင်းကို ချေးပေးမှာတော့ မဟုတ်ဘူး။ သူတို့ရဲ့ ဝင်ငွေရရှိမှု လုပ်ငန်း အထောက်အထားတွေ ပေါ်မှာ စိစစ်ပြီးတော့ ချေးပေးမှာပါ။ အဲဒီ အတွက်ကို အိုးအိမ်ဦးစီးဌာနနဲ့ ချိတ်ဆက် ထားတယ် ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက ပြောသည်။
အဆိုပါ လေးနှစ်ကို နှစ်အလိုက် အတိုးနှုန်းများ သတ်မှတ်ရာတွင် ပထမဆုံးနှစ် အတွက် ကိုးရာခိုင်နှုန်း၊ ဒုတိယ၊ တတိယနှင့် စတုတ္ထနှစ် တို့အား ငါးရာခိုင်နှုန်း အသီးသီး သတ်မှတ် ထားသည်။ ထို့အပြင် လစဉ်ငွေပေးချေမှုကို လတစ်လ၏ လဆန်း တစ်ရက်မှ ငါးရက် အတွင်း ပေးသွင်း ရမည် ဖြစ်ကာ လေးလ ဆက်တိုက် ပျက်ကွက်ပါက လိုအပ် သလို အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဝင်ငွေ သတ်မှတ်တဲ့ နေရာမှာ အိမ်ထောင်ဦးစီး တစ်ယောက်တည်းကို ကြည့်တာ မဟုတ်ဘူး။ မိသားစုဝင် အားလုံးရဲ့ ၀င်ငွေ အပေါ်မှာ သုံးသိန်း ကနေ ခုနှစ်သိန်းကြား ရှိရမယ် ဆိုပြီး သတ်မှတ်ထား ပါတယ် ဟု မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးယုခိုင်က ပြောသည်။ အထက်ပါ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့် ရရှိသူ (၅၇၆) ဦးကို မဲနှိုက် ရွေးချယ် ထားပြီး တိုက်ခန်း တန်ဖိုး အပေါ် မူတည်၍ လစဉ် ကျပ်သိန်း (၁၂၀) တိုက်ခန်း အတွက် နှစ်သိန်းခွဲ၊ ကျပ်သိန်း (၁၁၀) တိုက် ခန်းအတွက် နှစ်သိန်း သုံးသောင်းပေး သွင်းရန် သတ်မှတ် ထားကြောင်း အိုးအိမ် ဦးစီး ဌာနမှ သိရသည်။ အိမ်ရာ ၀ယ်ယူခွင့် ရရှိထားသူများ အနေဖြင့် လစဉ်ပေးသွင်း ရမည့် ငွေကြေးမှာ မိသားစု စားဝတ်နေရေး အသုံးစရိတ် အတွင်းမှ ဖဲ့ပေး ရမည် ဖြစ်သည့် အပြင် သတ်မှတ်နှုန်းထား ကြီးမြင့်နေ သဖြင့် ငွေသွင်းရန် အခက်အခဲ ရှိနေကြောင်း အိမ်ရာ ၀ယ်ယူခွင့် ရရှိထားသူ တစ်ဦးက ပြောသည်။
Credit: messenger