ကမ္ဘာပေါ်တွင် မြေဈေးနှုန်း အကြီးမြင့်ဆုံး စာရင်းထဲတွင် ပါဝင်နေသော ရန်ကုန်မြို့တွင် အခြေခံ လူတန်းစားများ အိမ်ပိုင်ဆိုင်ခွင့်မှာ စိတ်ကူးယဉ် အိပ်မက် တစ်ခုသာ ဖြစ်သည်။ အစိုးရမှ တန်ဖိုးနည်း အိမ်ရာများကို ဖော်ဆောင်နေသော်လည်း တစ်နေ့ ၀င်ငွေ သုံးထောင်ကျပ်ပင် မရရှိသည့် အခြေခံ လူတန်းစားများ အတွက် ယင်းအိမ်ရာ ဈေးနှုန်းမှာ အနားကပ်နိုင်သည့် အခြေအနေပင် မရှိပေ။
အခြေခံ လူတန်းစားများသည် တစ်လလျှင် ၀င်ငွေ ကျပ်တစ်သိန်း ၀န်းကျင်သာ ရရှိနေကြသူများ ဖြစ်၍ အစိုးရ၏ သိန်းတစ်ရာ ၀န်းကျင် တန်ဖိုးနည်း အိမ်ရာသည် မည်သည့် လူတန်းစားများ အတွက် ဖော်ဆောင် ပေးနေသလဲ ဆိုသည်မှာ မေးခွန်းထုတ်စရာပင်။
လင်မယား နှစ်ယောက်ပေါင်းရင် တစ်လကို ၀င်ငွေ နှစ်သိန်းကျော်လောက် ရတယ် ဆိုပေမယ့် စားသောက် စရိတ်တွေ ဖယ်လိုက်ရင် ဘာမှ မရှိတော့ဘူး။ အဲဒါကြောင့် တန်ဖိုးနည်းဆိုတဲ့ အိမ်ကို ဘယ်လိုမှ မ၀ယ်နိုင်ဘူးဟု ဆောက်လုပ်ရေး လုပ်ငန်ခွင်တွင် အလုပ်ကြမ်း လုပ်ကိုင်နေသည့် ကိုအောင်မြင့်က ပြောသည်။ ရန်ကုန်မြို့တွင် တစ်နှစ်လျှင် လူဦးရေ (၂၆၀၀၀) ကျော် တိုးတက် နေသော်လည်း အိမ်ရာ ဖန်တီး ပေးနိုင်မှုမှာ (၇၂၀၀) ခန့်သာရှိ၍ ငှားရမ်း နေထိုင်နိုင်ရန်ပင် မတတ်နိုင်သူများမှာ ကျူးကျော် ဘ၀မှ ရုန်းမထွက်နိုင်ကြပေ။
အခြေခံ လူတန်းစားများ သာမက ၀င်ငွေမရှိသော သူများအတွက် သက်သာသည့် နှုန်းထားဖြင့် ၀ယ်ယူနိုင်ရန် အရစ်ကျစနစ်၊ ချေးငွေစနစ် တို့အပြင် ပြည်သူ အငှား အိမ်ရာ စနစ်ကို အကောင်အထည် ဖော်ရန် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့က နေပြည်တော်တွင် ကျင်းပ ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က လမ်းညွှန်မှာ ကြားထားသည်။
အဆိုပါ လမ်းညွှန်ချက်များနှင့် အညီ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှလည်း ဘဏ္ဍာနှစ် အလိုက် တန်ဖိုးမျှတ အိမ်ရာများ၊ တန်ဖိုးသင့် အိမ်ရာများနှင့် တန်ဖိုးနည်း အိမ်ရာများ စသည် တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အခြေခံ လူတန်းစား များနှင့် အိမ်ရာမဲ့ ကျူးကျော်နေထိုင် သူများအတွက် အိမ်ရာ ဖန်တီးပေးခြင်း မဟုတ်ဘဲ တစ်လလျှင် အနည်းဆုံး ၀င်ငွေ သုံးသိန်းရရှိသည့် အလယ် အလတ် လူတန်းစားများ အတွက် အဓိက ဖန်တီးပေး နေခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ပြောဆိုနေကြသည်။
အစိုးရ အနေနဲ့ မြေလွတ် မြေရိုင်းတွေမှာ အငှားအိမ်တွေ ဖော်ဆောင်ဖို့ လုပ်ငန်းရှင်တွေ ခေါ်ယူ လုပ်ကိုင်ရင်လည်း ရနေတာပဲ။ အိမ်ရာမဲ့တွေကို အစိုးရက Dr-Nyo-Nyo-Thinမိဘသဖွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ဒါမှပြည်သူက အစိုးရကိုပိုပြီး ယုံကြည် အားကိုးလာ ကြမှာဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ထိုမျှသာမက အခြေခံ လူတန်းစား များနှင့် ကျူးကျော် နေထိုင်သူများ အတွက် လက်ရှိ ဈေးနှုန်း မြင့်မားနေသည့် တန်ဖိုးနည်း အိမ်ရာများကို ၀ယ်ယူနိုင်ရန် ဘဏ်ချေးငွေရရှိရန် အစိုးရမှ တာဝန်ယူ ဆောင်ရွက် ပေးသင့်ကြောင်း ဒေါက်တာ ညိုညိုသင်းက ဆိုသည်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ၂၀၁၅- ၂၀၁၆ ခုနှစ် ဘဏ္ဍာတွင် ရွှေပြည်သာ တန်ဖိုးနည်း အိမ်ရာ၊ လှိုင်သာယာ တန်ဖိုးနည်းအိမ်ရာ၊ ဒဂုံဆိပ်ကမ်း တန်ဖိုးနည်း အိမ်ရာနှင့် မြောက်ဥက္ကလာပ တန်ဖိုးနည်း အိမ်ရာတို့ကို ဖော်ဆောင် ထားကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
သို့သော် အဆိုပါ တန်ဖိုးနည်း အိမ်ရာ၏ ဈေးနှုန်းမှာ အနည်းဆုံး ကျပ်သိန်း (၉၀) မှ အများဆုံး ကျပ်သိန်း (၁၂၀) ကျပ်ရှိ၍ အခြေခံ လူတန်းစားများနှင့် ကျူးကျော် နေထိုင်သူများမှာ အိမ်ရာ ပိုင်ဆိုင်နိုင်ရန် အလှမ်း ဝေးကွာနေ ဦးမည် ဖြစ်သည်။ အိမ်ရာတွေနဲ့ ပတ်သက်ပြီး လက်ရှိ ပေါက်ဈေးထက် လျော့နည်းတဲ့ ဈေးနဲ့ ရောင်းမလား၊ ချေးငွေနဲ့ ရောင်းမလား ဆိုတဲ့ အပိုင်းတွေ စဉ်းစားနေ ကြပါတယ်။ ဘက်ပေါင်းစုံကတော့ ဆောင်ရွက်နေကြတယ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြ ဖွံ့ဖြိုးရေးနှင့် မြေနေရာ စီမံခန့်ခွဲရေး ဌာနမှ ဒုဌာနမှူး ဦးတိုးအောင်က ပြောသည်။
အခြေခံ လူတန်းစားများနှင့် ကျူးကျော် နေထိုင်သူများ အတွက် အငှားအိမ်ရာ ဖော်ဆောင်ရန် National Howing Plan တွင် ထည့်သွင်း ဆောင်ရွက်မည် ဖြစ်သော်လည်း အချိန်ကာလ အတိအကျကိုမူ ပြောဆိုနိုင်ခြင်း မရှိပေ။ လက်ရှိ ရန်ကုန်မြို့တွင် လူဦးရေ ခုနစ်သန်းကျော်ရှိရာ အများဆုံး နေထိုင်သူများမှာ အခြေခံ လူတန်းစားများသာ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သိရသည်။
အစိုးရက တကယ် လုပ်ပေးချင်တဲ့ စိတ်ရှိဖို့လိုတယ်။ အမှန်တကယ် တန်ဖိုးနည်း အိမ်ရာတွေကို တစ်ယောက်တည်း မဆောက် နိုင်ရင်လည်း ဆောက်နိုင်တဲ့သူနဲ့ ပူးပေါင်း ဆောင်ရွက်လို့ရပါတယ်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌ ဦးသာဌေးက ဆိုသည်။ ထို့ပြင် လုပ်ကိုင်ချင်သည့် လုပ်ငန်းရှင်များ ကိုလည်း ခွင့်ပြုပေးရန် လိုအပ်မည် ဖြစ်ပြီး၊ နိုင်ငံတကာတွင် အိမ်ရာ မရှိသူများ အတွက် အိမ်ရာ ဖန်တီး ပေးနေမှုများကို လေ့လာ အတုယူရန် လိုအပ်ကြောင်း ဦးသာဌေးက သုံးသပ်ပြောသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ရောင်းချပေးသည့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာအား လျှောက်ထားသူများ ထဲတွင် တစ်ဦးတည်းမှ နှစ်ကြိမ် သုံးကြိမ် ထပ်မံ ဖောင်တင်မှုများ၊ အမှန်တကယ် အိမ်ရာရှိ နေသူများမှ ထပ်မံ လျှောက်ထားမှု များရှိနေကြောင်း ယင်းအိမ်ရာ လျှောက်ထားသူများ ထံမှ သိရသည်။
ထို့ကြောင့် အမှန်တကယ် အိမ်ရာ မရှိသူများမှာ အိမ်ရာ မဲပေါက်နိုင်ရန် အခွင့်အလမ်း ပိုနည်းသွားပြီး အခန်း မဲပေါက်ပါကလည်း ပထမ အကြိမ်ငွေ ပေးသွင်းရမည့် ကျပ်သိန်း (၃၀) ကို ပေးဆောင်ရန် ခက်ခဲနေကြောင်း ရွှေလင်ပန်း အိမ်ရာ မဲပေါက်သူ ကိုကျော်သက်က ဆိုသည်။
သို့ဖြစ်ပါ၍ အိမ်ရာမရှိသည့် အခြေခံ လူတန်းစားများမှာ အိမ်ရာမဲ့ ဘ၀၌ပင် ဆက်လက် ရပ်တည် နေဦးမှာမည်ဖြစ်ပြီး အိမ်ငှားခ မတတ်နိုင်သည့် လူတန်းစားများမှာမူ ကျူးကျော်များ အဖြစ်နှင့်သာ ဆက်လက် နေထိုင်ရဦးမည် ဖြစ်သည်။ ကျူးကျော်တွေမှာ တချို့က တကယ် အခက်အခဲရှိ လို့နေတာ ရှိသလို စီးပွားဖြစ် လုပ်စားတာတွေလည်း ရှိနေတဲ့ အတွက် ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ အဲဒါကြောင့် ဖယ်ရှားနေရတာဟု မြို့ရွာနှင့် အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့တွင် ကျူးကျော် နေထိုင်သူများအား သက်ဆိုင်ရာ ဌာနများ၊ ကုမ္ပဏီများမှလည်း အင်အားသုံး ဖယ်ရှားမှုများလည်း ရှိခဲ့သည်။ ယင်းကဲ့သို့ ဖယ်ရှားရာတွင်လည်း တချို့ ကုမ္ပဏီတို့မှာ လူမိုက်များ ငှားရမ်းပြီး ဖယ်ရှားခြင်းကြောင့် ကျူးကျော် နေထိုင်သူများမှာ ထိခိုက်ဒဏ်ရာ ရရှိမှု များရှိသကဲ့သို့ သက်ကြီး ရွယ်အိုများနှင့် ကလေးငယ်များ မှာလည်းများစွာ ဒုက္ခ ရောက်ခဲ့ကြ ရသည်။
ထိုသို့ အိမ်ရာ လိုအပ်ချက်များ လျှော့ချနိုင်ရန် သက်ဆိုင်ရာ အစိုးရ အဖွဲ့မှ အခြေခံ ပြည်သူများ လက်လှမ်း မီနိုင်မည့် အိမ်ရာများ အမြန်ဆုံး အကောင်အထည် ဖော်ရန် လိုအပ်ပြီး ၀င်ငွေအဆင့် နည်းပါးသူများ အတွက် အငှား အိမ်ရာများ ဖော်ဆောင်ရန် မဖြစ်မနေ လိုအပ်နေသည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက အစိုးရ အဖွဲ့၏ ပြည်သူ့တာဝန် ထမ်းဆောင်မှု အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေမည့် အပြင် ပြည်သူများကလည်း လက်ရှိ အစိုးရ အပေါ် ယုံကြည်မှုများ ကင်းမဲ့လာမည် ဖြစ်သည်…။
Credit: messenger