အတိုးနှုန်း အနည်းငယ်သာ ကျသင့်သည့် နှစ်ရှည် ချေးငွေဖြင့် အိုးပိုင်အိမ်ပိုင် မရှိသော ၀င်ငွေနည်း လူတန်းစားများ အတွက် လာမည့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ချေးငွေပေး သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။ ၀င်ငွေနည်းသူများ အတွက် အတိုးနှုန်း နည်းပါးသော နှစ်ရှည် ချေးငွေ စနစ်ဖြင့် နေအိမ် ပိုင်ဆိုင်နိုင် စေရန် ရည်ရွယ်ကာ ဆောင်ရွက်ဖြင်း ဖြစ်ကြောင်း၊ အတိုးနှုန်းနှင့် ချေးယူသည့် ပမာဏ၏ (၁၂) ရာခိုင်နှုန်းအား တစ်နှစ်မှ လေးနှစ် အတွင်း ပေးချေရန် သတ်မှတ် ထားကြောင်း၊ ချေးငွေအား သတ်မှတ် ထားသော နှစ်အတွင်း ၀င်ငွေ အာမခံချက် ရှိသော မည်သူ့ကို မဆို ချေးပေး သွားမည် ဖြစ်ကြောင်း၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ အစရှိသော နိုင်ငံများနှင့် နိုင်ငံတကာမှ ချေးငွေ အကူအညီ ရယူမည် ဖြစ်ကာ ချေးယူမည့် ငွေကို နှစ် (၃၀) သတ်မှတ် ချိတ်ဆက်ကာ ချေးယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အခု နိုင်ငံတကာ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေ ရနိုင်အောင် ဆောင်ရွက်နေ ပါတယ်။ လူမှု အဖွဲ့အစည်းတွေ ကလည်း အတိုးနှုန်း နည်းနည်းနဲ့ နှစ်ရှည် ချေးငွေ ရအောင် ဆောင်ရွက်နေပါတယ် ဟု ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။
ပြည်ပချေးငွေ ရယူရာတွင် လတ်တလော၌ ညှိနှိုင်းနေဆဲသာ ဖြစ်ပြီး၊ ငွေချေးသူ များသည် ချေးသည့် ပမာဏ၏ အတိုးနှင့် အရင်း ပါ သတ်မှတ် ထားသော နှစ်အတွင်း ပြန်ဆပ် ရမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တွင် ရွှေလင်ပန်း အိမ်ရာတွင် အိမ်ဝယ် နိုင်အောင် ငွေချေးပေးနေ သကဲ့သို့ မန္တလေးတွင်လည်း မြရတနာ အိမ်ရာတွင် ၀ယ်ယူမည့် သူများအား ချေးငွေ ထုတ်ပေးရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောသည်။
ဒီလိုမျိုးသာ ချေးပေးနေတယ် ဆိုရင်တော့ ကောင်းတာ ပေါ့ဗျာ။ ကျွန်တော်တို့ ၀င်ငွေနဲ့က အိမ်ဝယ်ဖို့ မပြောနဲ့ အိမ်ငှား ဖို့တောင် အနိုင်နိုင် ဖြစ်နေတာ။ အမှန်တကယ် လိုအပ်နေသူ တွေကို ချေးပေးနိုင်ရင် ပိုကောင်း တာပေါ့ ဟု တောင်ဥက္ကလာပ မြို့နယ်ရှိ ကုမ္ပဏီ ၀န်ထမ်း ဖြစ်သူ ဦးစိုးမြင့်က ပြောသည်။
လတ်တလောတွင် ရန်ကုန်မြို့တော်၏ အိမ်ငှားခ အများစုမှာ ကျောက်တံတား၊ လသာ စသောမြို့များတွင် ကျပ်ငွေ နှစ်သိန်းခန့် အနိမ့်ဆုံး ရှိပြီး၊ မြို့သစ်မြို့နယ် များတွင် အိမ် အမျိုးအစား ပေါ်တွင် မူတည်၍ ကျပ်ငွေသုံးသောင်း အထက်မှ ကျပ်ငွေတစ်သိန်းကျော် အထိရှိကာ အိမ်ဝယ်မည် ဆိုလျှင်လည်း ဈေးနှုန်း များမှာ ပြည်သူများ၏ ၀င်ငွေနှင့် အဆမတန် မြင့်မားလျက် ရှိ၍ သာမန် လက်လုပ် လက်စား ပြည်သူများမှာ စားရေးထက် နေရေး အား စိတ်ပူပန်လျက်ရှိ ကြသည်။
Credit: messenger