လှိုင်သာယာမြို့နယ် အတွင်းရှိ ရွှေလင်ပန်း တိုက်ခန်းများအား ၀ယ်ယူခွင့် ရရှိသူများထံ လာမည့် မတ်လ ငါးရက်နေ့တွင် တရားဝင် အပ်နှံမည် ဖြစ်ကြောင်း မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန (စီမံကိန်း) ညွှန်ကြားရေး မှူး ဦးယုခိုင်က ပြောသည်။ ယမန်နေ့က မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာန (ရန်ကုန်တိုင်းရုံး) တွင် ပြုလုပ်သည့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ ၀ယ်ယူခွင့် ရရှိသူ များအား ရှင်းလင်း ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဝယ်ယူခွင့် ရရှိသူတွေ အနေနဲ့ နောက်ဆုံးငွေ ပေးသွင်း ရမယ့် ရက် အတိအကျကို မသတ်မှတ်ရ သေးပေမယ့် ဖေဖော်ဝါရီလ နောက်ဆုံး ပေးသွင်း ရမှာ ဖြစ်ပါတယ် ဟု ဦးယုခိုင်က ပြောသည်။ ယခုကဲ့သို့ ဆောင်ရွက် ပေးခြင်းသည် အိမ်ရာ စီမံကိန်း အတွင်း တိုက် (၂၄) လုံးမှ အခန်းပေါင်း (၅၇၆) ခန်းအား မဲစနစ်ဖြင့် ၀ယ်ယူခွင့် ပေးခဲ့ခြင်း ဖြစ်ကာ ၀ယ်ယူခွင့် လျှောက်ထားသူ (၆၈၀၀၀)ကျော်မှ မဲနှိုက် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ကျွန်မတို့အနေနဲ့ တိုက်ခန်း တစ်ခန်း အတွက် အခုလို သင့်တင့်တဲ့ နှုန်းနဲ့ ၀ယ်ယူခွင့် ရတာကို ၀မ်းသာ ပါတယ်။ ဒါပေမဲ့ ငွေအကျေ သွင်းပြီးလို့ နောင်တစ်ချိန် ပြန်လည် ရောင်းချမယ် ဆိုရင် ဌာနကို ပြန်အပ် ရမယ် ဆိုတဲ့ အချက် က တစ်မျိုးတော့ ဖြစ်နေတယ် ဟု တိုက်ခန်း ၀ယ်ယူခွင့် ရရှိသူ မချိုနိုင် က ဆိုသည်။
အဆိုပါ တိုက်ခန်းများ ငွေပေးချေမှုကို အမျိုးအစား သုံးမျိုး ခွဲခြား ထားပြီး တစ်ကြိမ်တည်း အကျေပေးချေ စနစ်၊ လေးလ တစ်ကြိမ် အရစ်ကျ ပေးချေ စနစ်နှင့် ချေးငွေဖြင့် လစဉ် လေးနှစ် ဆက်တိုက် ငွေပေးချေ စနစ်တို့ ဖြစ်သည် တိုက်ခန်းဈေးများမှာ ကျပ်သိန်း (၁၁၀)မှ ကျပ်သိန်း (၁၂၀) အထိ အသီးသီး သတ်မှတ်ပေး ထားကြောင်း မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သိရသည်။
Credit: messenger