ကျူးကျော်တဲအိမ် များတွင် နေထိုင်သူ များနှင့် မြေပိုင်ဆိုင်မှု မရှိသူများ အတွက် အငှားချ ပြည်သူ့ အိမ်ရာ စနစ်အား အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးစိုးတင့် က ပြောသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များနဲ့ ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ် ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် အနယ်နယ် အရပ်ရပ်မှ ရန်ကုန်မြို့သို့ အလုပ်အကိုင် ရှာဖွေရန် ရွှေ့ပြောင်းလာ ကြသည့် မိသားစုများ အနေဖြင့် ရန်ကုန်မြို့တွင် ကျူးကျော်တဲများ အဖြစ် နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရပြီး၊အနေကြာ ကျူးကျော် အိမ်များ စာရင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များမှ စာရင်း ကောက်ယူ ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ထံမှ သိရသည်။
ထို့ပြင် လစာ ၀င်ငွေပုံမှန် ရှိသော အလုပ်အကိုင်ရှိ သူတိုင်း အကျုံးဝင်မည့် တစ်ဦးချင်း ၀င်ငွေ စုဆောင်းမှု စနစ်ကို ထူထောင်ရန်နှင့် ၀င်ငွေနည်း အခြေခံ လူတန်းစား ပြည်သူများ ၀ယ်ယူ နိုင်စွမ်းရှိ စေမည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်လျက် ရှိပြီး လစဉ် အရစ်ကျပေး နိုင်ရေး အတွက် နှစ်ရှည် အရစ်ကျ ပေးသွင်းသည့် စနစ်ဖြင့် ၀ယ်ယူနိုင် စေရန် အတွက် ဆောက်လုပ်ရေး လုပ်ငန်း ဘဏ်မှ အသေးစိတ် တွက်ချက်၍ စီစဉ် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယ ၀န်ကြီးက ဆိုသည်။
ထို့ပြင် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် နိုင်ငံ့ ၀န်ထမ်းများ အပါအ၀င် ပြည်သူလူထု နေထိုင်ရေး အဆင်ပြေစေရန် အတွက် နိုင်ငံ တစ်ဝန်း၊ တိုင်းဒေသကြီး/ ပြည်နယ် များရှိ မြို့ကြီး (၂၈)မြို့တွင် အိမ်ရာ စခန်းပေါင်း (၄၈)ခု တည်ဆောက် ထားပြီး၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ထိ ပြည်သူ့ အိမ်ရာ၊ ၀န်ထမ်း အိမ်ရာ စသည့် နိုင်ငံပိုင် အငှားချ အိမ်ခန်း ယူနစ်ပေါင်း (၁၅၁၈၀) ယူနစ် ဖြည့်ဆည်း ပေးထား ခဲ့ရာ ၀န်ထမ်း အိမ်ရာ အိမ်ခန်း ယူနစ် ပေါင်း (၃၄၀၇) ယူနစ်အထိ ရှိကြောင်း သိရသည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ နိုင်ငံ့ ၀န်ထမ်း များ၏ နေရေး လိုအပ်ချက်ကို ထပ်မံ ဖြည့်ဆည်းပေး နိုင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့ထံ ရန်ပုံငွေ တောင်းခံပြီး ဌာနပိုင် ၀န်ထမ်း အိမ်ရာများ ဆောက်လုပ်ခဲ့ ကြပြီး၊ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦစီး ဌာန အနေဖြင့် ပြည်ထောင်စု အစိုးရ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် လည်းကောင်း၊ ၀န်ထမ်း အိမ်ရာ အဆောက်အဦ များကို ဆောက်လုပ်ခဲ့ကြကြောင်း သိရသည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် ၀န်ထမ်း အိမ်ရာ အဆောက်အဦးသစ် များကို ဆောက်လုပ် ပေးလျက် ရှိရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အထိ သုံးနှစ်တာ ကာလတွင်း ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ ၀န်ထမ်း အိမ်ရာ အလုံးရေပေါင်း (၁၉၆)၊ အိမ်ခန်း ယူနစ် ပေါင်း (၂၅၄၀)၊ ထပ်မံ တိုးမြှင့် ဆောက်လုပ် ခဲ့ကြောင်း အဆိုပါ ၀န်ကြီးဌာန ထံမှ သိရသည်။
လက်ရှိ ကာလအထိ ဆောက်လုပ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ များ ပေါင်းစပ် ညှိနှိုင်းမှုဖြင့် ၀န်ထမ်း အိမ်ရာ စုစုပေါင်း (၁၁၁၃)လုံး၊ နှင့် အိမ်ခန်း ယူနစ်ပေါင်း (၅၉၄၇) ကို ဆောက်လုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Credit: messenger