ဝင်ငွေနည်း ပြည်သူများအတွက် အငှားအိမ်ရာများ ဆောက်လုပ်ရန် အစိုးရ၏ ကူညီမှုလိုအပ်နေကြောင်း မြို့ပြပညာရှင်များ အကြံပြုခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့်နှစ်မှသာ နိုင်ငံတော် ဘတ်ဂျက်တွင် ထည့်သွင်း၍ တည်ဆောက်ရန် စီစဉ်သည်ကို တွေ့ရကြောင်း မြို့ပြ ပညာရှင်များက ပြောသည်။
‘‘ဈေးတွေ တက်ကတည်းက ပြောလည်း ပြောတယ်။ စာတမ်း လည်း တင်ခဲ့တယ်။ ဒီနှစ်ကျမှ လုပ်ဖို့ ဘတ်ဂျက်ထဲမှာ ထည့် ထားတယ်’’ဟု မြို့ပြစီမံကိန်း ပညာရှင်တစ်ဦးက ပြောသည်။
အငှားအိမ်ရာစနစ် အ ကောင်အထည်ဖော်ရန် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင် စုအစိုးရ ဘဏ္ဍာရန်ပုံငွေမှ ကျပ်၄၅ ဘီလီယံကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ ထောက်ပံ့ပေးရန် လျာထားကြောင်း ဘဏ္ဍာရေးကော်မရှင် ၁/၂၀၁၅ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။
နိုင်ငံတော်အစိုးရက မြန်မာ နိုင်ငံတွင် မြေဈေး၊ တိုက်ခန်းဈေး ကြီးမြင့်မှုကို ပြီးခဲ့သည့် နှစ်များ တွင် လျှော့ချရန် မကြိုးစားဘဲ ရွေးကောက်ပွဲ ကျင်းပမည့် နှစ် တွင်မှ ဆောင်ရွက်ခြင်းသည် ပြည် သူများ အရေးထက် မဲရရေးကို သာ ဦးတည်လုပ်ကိုင်နေခြင်းလား ဟု မေးခွန်းထုတ်လိုကြောင်း ပုဇွန်တောင်မြို့နယ်ရှိ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်က ပြောသည်။
‘‘အငှားအိမ်ရာ စနစ်က နိုင်ငံတကာမှာလည်း ကျင့်သုံးနေတယ်။ ဘာလို့မလုပ်ခဲ့တာလဲဆိုတာ စဉ်းစားလို့ကို မရဘူး’’ ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။
နိုင်ငံတကာတွင် ဘဏ်စနစ် ဖွံ့ဖြိုးသဖြင့် အငှားအိမ်ရာအတွက် လစဉ်ငွေသွင်းပြီး အပိုင်ရရှိသွား မှုများရှိကြောင်း မြို့ပြစီမံကိန်း ပညာရှင်ဦးမြင့်သန်းဟိန်းက ပြောကြားသည်။
အငှားအိမ်ရာစနစ် အကောင်အထည်ဖော်ရာတွင်လည်း သွားလာရခက်ခဲပြီး မြို့စွန်နေရာမျိုးတွင် လုပ်ဆောင်ပါက ပြည်သူများအတွက် အဆင်မပြေနိုင်ကြောင်း ၎င်းကပြောကြားသည်။
‘‘ဒီအိမ်ရာတွေ ပေါ်လာ တော့ မြို့တွင်းက တိုက်ခန်းတွေ အငှားဈေးကွက် နည်းနည်းအေး သွားနိုင်တယ်’’ ဟု မဏ္ဍိုင်အိမ်ခြံ မြေအကျိုးဆောင် ဦးသန်းဦးက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတို့ အကောင်အထည်ဖော်နေသော တန်ဖိုးမျှတ အိမ်ရာစီမံကိန်း အများစုသည် ရန်ကုန်မြို့တွင်းနှင့် အလှမ်းဝေးသော နေရာများတွင် ရှိနေ၍ သွားလာရေး အခက်အခဲကြောင့် စိတ်ဝင်စားမှုနည်းသည်။
မြို့တွင်း အိမ်ငှား စရိတ် များသည် တစ်နှစ်ထက် တစ်နှစ် မြင့်တက်နေပြီး ယခင်နှစ်က တစ် လလျှင် ကျပ်တစ်သိန်းခွဲရှိသော တိုက်ခန်းမှာ ယခုနှစ်တွင် ကျပ်နှစ်သိန်းသို့ ဈေးမြင့်တက်လာကြောင်း ကျောက်တံတားမြို့နယ်တွင် အိမ်ငှားနေသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့၏ လူဦးရေထက်ဝက်ကျော်မှာ အိမ်ရာပိုင်ဆိုင်ခြင်း မရှိဘဲ နှစ်စဉ် တိုးနေသော အိမ်ငှားခစရိတ်များကြား ရုန်းကန်နေကြသည်။ ဦးသိန်းစိန် အစိုးရက ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။
ရန်ကုန်တွင် မြို့တော်စည် ပင်နှင့် ဆောက်လုပ်ရေး ၀န်ကြီး ဌာနတို့က ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် အိမ်ခန်းပေါင်းလေးသောင်း ကျော် ထပ်မံပေါ်ထွက်လာမည် ဟု ကြေညာထားသော်လည်း နှစ်စဉ် တိုးတက်လာသော လူဦးရေ ကြောင့် ရန်ကုန်တွင် တစ်နှစ်လျှင် အိမ်ခန်းပေါင်း နှစ်သောင်းကျော် ပုံမှန်လိုအပ်နေသည်။
Credit: 7 day daily