မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြေကွက်လပ်များကို အုတ်တံတိုင်းဝင်း ခြံကာရံခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်းများ လုပ်ဆောင်ကြရန် မန္တလေး စည်ပင်သာယာမှ ကြေညာချက်ထုတ်ထားရာ ယခုအခါ သတ်မှတ်ချိန်ပြည့်ရန် အချိန်လေးလခန့်သာ ကျန်တော့သဖြင့် မလိုက်နာသေးသူများ လိုက်နာလုပ်ဆောင်ရန် ယခုလ ပထမပတ်တွင် ထပ်မံအသိပေးခဲ့သည်။
ထိုအမိန့်ကြေညာချက်ကို ၂ဝ၁၃ ခုနှစ်တွင် နှစ်ကြိမ်၊ ၂ဝ၁၄ ခုနှစ်တွင် တစ်ကြိမ်အသိပေးခဲ့သော်လည်း မြေကွက်လွတ်များမှာ များစွာ ယခုထိကျန်ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် စည်ပင်သာယာမှ မြေကွက်လပ်များအား မြေချထားမိန့်၊ မြေစလစ်မူရင်းလက်ဝယ်ကိုင်ထားပြီး မြေဂရန်မလျှောက်သူများအနေဖြင့် ဥပဒေများနှင့်အညီ အမြန်ဆုံးမြေဂရန် လျှောက်ထားကြရန်၊ လျှောက်ပြီးသူများနှင့် မြေဂရန် ရရှိထားသူများသည် ခြောက်လအတွင်း အုတ်တံတိုင်းဝင်း ခြံကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် ခွင့်ပြုမိန့်ယူကာ ကိုးလအတွင်း အကောင်အထည်ဖော်ကြရန် ၂ဝ၁၇ ဖေဖော်ဝါရီ ၁၆ ရက်တွင် ထပ်မံကြေညာခဲ့သည်။
အဆိုပါကြေညာချက်အရ မြေကွက်ပိုင်ရှင်များအနေဖြင့် အကောင်အထည်ဖော်ချိန် လေးလခန့်သာ ကျန်တော့ကြောင်း စည်ပင်သာယာက မန္တလေးနေ့စဉ်သတင်းစာမှ ထပ်မံအသိပေးသည်။ မလိုက်နာသူများ၏ မြေကွက်ကို အစိုးရမြေအဖြစ် ပြန်အသိမ်းခံရမည်ဖြစ်သည်။
''မြေကွက်လွတ်တွေအတွက် ဒီလိုနို့တစ်ထုတ် လုပ်ဆောင်လာတာ ကောင်းပေမဲ့အိမ်မဆောက်ရင် မြေကွက်ပြန်သိမ်းမယ်ဆိုတဲ့ သတ်မှတ်ချက်က ကြီးလေးလွန်းတယ်လို့တော့ ထင်တယ်။ ပိုင်ရှင်တွေမှာ အခက်အခဲအမျိုးမျိုးရှိနိုင်လို့ ပြည်သူအဆင်ပြေအောင် တတ်နိုင်သလောက် ထပ်လျှော့ပေါ့ပေးရင် ပိုကောင်းပါမယ်''ဟု ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၁ဝ ရက်က ပြောသည်။
စည်ပင်ကမူ မသမာသူများက ကျူးကျော်အိမ်ဆောက်ခြင်း၊ ဝင်းခြံဝင်ရောက်ခတ်ခြင်းများ မန္တလေးတွင်ရှိနေသဖြင့် မြေကွက်လွတ်ဝယ်ထားလျှင် အမြန်အိမ်ဆောက်ဖို့လိုကြောင်း ဆိုထားသည်။
''မန္တလေးမှာ ကျူးကိစ္စကလည်း သတိထားစရာဖြစ်နေတာ အမှန်ပဲ။ မြေကွက်လပ်ဝယ်ထားသူတွေအနေနဲ့ ကိုယ့်မြေကွက်ကို ပစ်မထားဘဲ မကြာခဏ သွားကြည့်သင့်တယ်။ တချို့က မြေဝယ်ထားတာ အိမ်ဆောက်နေဖို့ မဟုတ်ဘဲ အမြတ်ရရင် ပြန်ရောင်းဖို့ စိတ်ကူးနဲ့ ဝယ်ကြတာပါ။ ဒီတော့ ပိုက်ဆံအကုန်ခံပြီး မြေကို နာမည်မဖောက်ထားဘူး''ဟု ပြည်ကြီးတံခွန်မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
Credit: The Myanmar Times