တရုတ်ပြည်အချမ်းသာဆုံးသူဌေးကြီးများတွင် ထိပ်တန်းနေရာမှ ပါဝင်သော ဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီသည် လန်ဒန်ရှိ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ပေါင် ၅၉ သန်း (ကန်ဒေါ်လာ ၈၁ ဒသမ ၅ သန်း) ဖြင့် အရှုံးခံ ပြန်လည်ရောင်းထုတ်ကာ လန်ဒန်ကိုကျောခိုင်းလိုက်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လန်ဒန်မြို့တောင်ဘက် Vauxhall အရပ်ရှိ အဆိုပါစီမံကိန်းကို လွန်ခဲ့သော ၄ နှစ်ခန့်က ပေါင် ၈၈ ဒသမ ၈ သန်းဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်ရာ ယခုပြန်လည်ရောင်းချရာတွင် ပေါင် သန်း ၃၀ ခန့် ( ၂၉ ဒသမ ၈ သန်း) အရှုံးပေါ်ခဲ့သည်။
ရောင်းချလိုက်သည့်စီမံကိန်းမှာ သိမ်းမြစ်၏ တောင်ဘက်ကမ်းတွင် တည်ရှိပြီး One Nine Elms စီမံကိန်းဟု ခေါ်ဆိုကြသည်။
ဝယ်လက်မည်သူဖြစ်သည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ကွမ်ကျိုးအခြေစိုက် R&F Properties မှ ဝယ်ယူခြင်းဖြစ်သည် ဟူသည့် သတင်းများ ရှိသည်။
R&F Properties သည် ပြီးခဲ့သော သြဂုတ်လအတွင်းကလည်း အနီးရှိ ကပ်လျက် Nine Elms Square စီမံကိန်းကို Dalian Wanda ထံမှပင် ဝယ်ယူခဲ့ဖူးပြီး ထိုစဉ်က ချုံကင်းအခြေစိုက် CC Land ကုမ္ပဏီနှင့် ပူးပေါင်းကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ပေကျင်းအခြေစိုက် Dalian Wanda သည် ပြည်ပတွင် ပိုင်ဆိုင်ထားသော အိမ်ခြံမြေများကို ကန်ဒေါ်လာ ၅ ဘီလီယံဖိုးခန့် ပြန်လည်ရောင်းထုတ်မည်ဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ ပြန်လည်ရောင်းထုတ်မှုများ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။
Dalian Wanda သည် ယခုရောင်းချလိုက်သည့် စီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်း ယွမ်ငွေ ၈၅၈ သန်း (ကန်ဒေါ်လာ ၁၄၂ သန်း/ပေါင် ၈၈ ဒသမ ၈ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးသွားပါက ပေါင် သန်း ၇၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) အထိ တန်ကြေးရှိလာမည့် စီမံကိန်းကြီး ဖြစ်သည်။
ဘက်စုံသုံးအဖြစ် ဆောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်း စတုရန်းမီတာ ၁၀၃၀၀၀ ရှိမည့် လူနေ၊ ရုံးခန်းနှင့် လက်လီအရောင်းဆိုင်များ ဆောက်လုပ်ရန် စီစဉ်ထားပြီး ၄၅ ထပ်နှင့် အထပ် ၆၀ တာဝါ ၂ လုံးအဖြစ် ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။
အဆိုပါ ကွန်ပလက်စ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးအပြင် လုံးချင်းအိမ်ပေါင်း ၄၃၆ လုံးလည်း ပါဝင်မည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)