သြဂုတ်မှစ၍ ရွှေဈေးမြင့်တက်လာပြီးနောက် မုံရွာမြို့ပေါ်ရှိ အိမ်ခြံမြေများ ၀ယ်လိုအား မြင့်တက်လာကြောင်း မုံရွာဒေသခံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများမှ သတင်းရရှိသည်။
‘‘ပုံမှန်နှစ်တွေဆို ၀ါတွင်းမှာ အိမ်ခြံမြေ အရောင်းအ၀ယ် ပါးတယ်။ ဒီနှစ် ရွှေဈေးတက်တော့ ရွှေရောင်းပြီး အိမ်ခြံမြေ ၀ယ်သူတွေ ပိုများလာတယ်။ တချို့ကလည်း ပုဂ္ဂလိကဘဏ်တွေ ကောလာဟလ သတင်းတွေကြောင့် စုထားတဲ့ငွေကို မြေပြောင်းတာလည်း ရှိတယ်။
ဒီရက်ပိုင်း အိမ်ဝင်းဝယ်တဲ့သူတွေ နေ့တိုင်းရှိတယ်။ အများစုကတော့ သိန်းနှစ်ရာနဲ့ သုံးရာအကြား မြေကွက်တွေ အရောင်းသွက်တယ်’’ဟု မုံရွာမြို့ ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် ဦးဇော်လင်းက ပြောသည်။
မုံရွာမြို့ရှိ ကျပ်သိန်းထောင်ကျော် အိမ်ခြံမြေကွက်များ အရောင်းအ၀ယ် နည်းပါးပြီး ကျပ်သိန်းနှစ်ရာမှ ကျပ်သိန်းသုံးရာဝန်းကျင်ရှိ အင်းရွာသစ်၊ နန္ဒ၀န်၊ ချမ်းမြ၀တီ စသည့်ရပ်ကွက်များတွင် အရောင်းအ၀ယ်ပိုသွက်ကြောင်း မုံရွာမြို့ အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။
‘‘အိမ်ခြံမြေ ၀ယ်ရောင်းသမားတွေတော့ သိပ်မကိုက်ဘူး။ ၀ယ်ဈေးက အရမ်းမြောက်နေတယ်။ အများစုက ကြိုက်ရောင်း ကြိုက်ဝယ်ပဲဆိုတော့ တကယ်နေဖို့ ၀ယ်တဲ့သူတွေ ပိုများလာတယ်။ တချို့နယ်တွေမှာ ချင်းတွင်းမြစ်ရေကြောင့်၊ နေထိုင်ရေး အခက်အခဲကြောင့် မြေ၀ယ်တဲ့သူတွေလည်း ရှိလာတယ်’’ဟု အင်းရွာသစ်ရပ်ကွက်မှ ဒေသခံအိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိကျန်းမာရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် ယာယီနေထိုင်ခွင့်ပြုခဲ့သော ကျန်းမာရေးဝန်ထမ်းများကို ပြီးခဲ့သည့် လကုန်ရက်ပိုင်းအတွင်း ပြောင်းရွှေ့ဖယ်ရှားရန် သက်ဆိုင်ရာက ညွှန်ကြားခဲ့သည့်နောက် အင်းရွာသစ်ရပ်ကွက်အတွင်း ကျပ်သိန်းတစ်ရာခန့်ရှိ အိမ်ခြံမြေကွက်များ ၀ယ်လိုအား ပိုများခဲ့ကြောင်း မုံရွာမြို့ အင်းရွာသစ်ရပ်ကွက်ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
မုံရွာမြို့ မြို့သစ်ရပ်ကွက်နှင့် အိုးဘိုထောင်ရပ်ကွက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံများတည် ဆောက်ခဲ့သည့်နောက်ပိုင်း အိမ်ခြံမြေ တစ်ကွက်လျှင် ကျပ်သိန်းသုံးရာမှ ငါးရာခန့်အထိ ဈေးမြင့်တက်ခဲ့ကာ ချင်းတွင်းမြစ်အထက်ပိုင်း ရွှေလုပ်ငန်းရှင်များ ၀ယ်ယူမှု ပိုများလာသည်။
Credit: 7Day News