မန္တလေးမြို့ တံတားဦးအနီးတွင် အဆင့်မြင့်မြို့တော် စီမံကိန်း တည်ဆောက်နေမှုအား ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေသောကြောင့် မစတင်နိုင်သေးကြောင်း အဆိုပါ စီမံကိန်းကြီး တည်ဆောက်နေသော ကျေးရွာရှိ ဒေသခံများထံမှ သိရသည်။
စီမံကိန်း ဧရိယာအတွင်းတွင် ပါဝင်သော တံတားဦး မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ရွာတွင်းတွင် ရေတက်နေသောကြောင့် ယခင်သတ်မှတ်ထားသည့် စက်တင်ဘာ လဆန်းပိုင်းတွင် စတင်မည်ဟု ရည်မှန်းထားခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည် မစတင်နိုင်ဘဲ ဖြစ်နေကြောင်း လက်ဆောင်ယူ ကျေးရွာဒေသခံ ကိုမြတ်ဆွေက ပြောသည်။
စီမံကိန်း တာဝန်ရှိသူများ စာရင်းချုပ် လုပ်ငန်းများ လုပ်ကိုင်နေသောကြောင့် အဆင့်မြင့် မြို့တော် တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် အရာများ လုပ်ကိုင်မှုအား ခေတ္တရပ်ဆိုင်းထားရာမှ စက်တင်ဘာလ(၁၃) ရက်နေ့မှ စတင်ကာ စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ကျေးရွာများ၏ လယ်မြေများအား လာရောက်အပ်နှံခြင်းနှင့် စီမံကိန်းကြီးအား ပြန်လည် စတင်တော့မည် ဖြစ်ကြောင်း အများက သက်ဆိုင်သော ကုမ္ပဏီဘက်မှ စီစဉ်ထားခဲ့သော်လည်း မိုးရွာသွန်းရာမှ ရေတက်မှု ဖြစ်ပေါ်နေသေးသောကြောင့် ခေတ္တခဏ စောင့်စားနေကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အခုတော့ မစနိုင်သေးဘူး။ တချို့ သွားသွင်းတဲ့ သူတွေတော့ ရှိတယ်။ ဒါပေမဲ့ အကုန်လုံးတော့ မစနိုင်သေးဘူး။ ဒီဘက်က ရေမြုပ်တာတွေ ဖြစ်နေတဲ့ အတွက်ပါ။ ဒါပေမဲ့ တစ်ပတ်အတွင်းတော့ ပြန်စနိုင်မှာပါ”ဟု ကိုမြတ်ဆွေက ဆက်ပြောသည်။
အဆိုပါ တံတားဦးအဆင့်မြင့် မြို့တော် စီမံကိန်းကြီးအား ကတို့ဆိပ်ကျေးရွာအုပ်စု၊ ခေါင်းကွဲကျေးရွာအုပ်စု၊ လက်ဆောင်ယူ ကျေးရွာအုပ်စုနှင့် ငါးရာပြကျေးရွာ အုပ်စုဟူ၍ ကျေးရွာအုပ်စု လေးခုအတွင်းရှိ ဧက (၂၂၀၀)အတွက် တစ်ဧကလျှင် သိန်း (၁၀၀) နှုန်းဖြင့် နစ်နာကြေး ပေးချေထားပြီး သုံးဧက အပ်နှံပါက စီမံကိန်းကြီးဧရိယာ အတွင်းတွင် (ပေ၄၀ x ပေ ၆၀) အကွက် တစ်ကွက် ထပ်မံရရှိမည် စနစ်ဖြင့် ပေးချေမှု ပြုလုပ်ခဲ့သည်။
ယခု စက်တင်ဘာလ ကုန်ပိုင်းတွင် မူလဈေးအတိုင်း လယ်မြေများအား ဈေးပေးချေသွားမည် ဖြစ်ပြီး၊ အပ်ရန် ကျန်မြေမှာ (၂၇၀၀) ဧကခန့် ကျန်နေသေးသည်။
အဆင့်မြင့်မြို့တော် စီမံကိန်းကြီးအား အကောင်အထည်ဖော်မှု ကြန့်ကြာနေမှုအား ဇွန်လ(၂၅) ရက်နေ့တွင် အဆိုပါ မြို့တော်စီမံကိန်း အနီးတွင် အင်အား (၁၅၀) ခန့်ဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြသေးသည်။ ဟိုတယ်ဇုန်အပြင် အိမ်ရာ စီမံကိန်းများ၊ ဈေး၊ ကျောင်း၊ ဆေးရုံနှင့် မြို့တော်တစ်ခုတွင် ရှိသင့်သည့် အရာများ အားလုံးပါဝင်မည် ဖြစ်သည်။
Credit: messenger