ယခုတစ်ပတ် ပြည်တွင်းအိမ်ခြံမြေဈေးကွက် အနေအထားအေးစက်နေသည်ဟုဆိုရပေမည်။ လူအများစုသည် အိမ်ခြံမြေ ဈေးကွက်ထက်၊ ရေကြီးရေလျှံမှုကို ပိုမိုစိတ်ဝင်စားနေကြပြီး ရပ်ဝေးမှ မိတ်ဆွေ၊ ဆွေမျိုးများ၏ ရေ ကြီး ရေလျှံမှုအတိ ဒုက္ခများကို မျှဝေခံစားနေရသည့် ကာလလည်းဖြစ်နေသည်။
လူဆိုသည်ကလည်း ဘဝရပ်တည်ရေးအတွက် ရေကြည်ရာမျက်နုရာရှာဖွေစားသောက်ကြသူများဖြစ်ခြင်း ကြောင့် မွေးရပ်မြေများကို စွန့်ခွာပြီး၊ တစ်နယ်တစ်ကျေးသို့ သွားရောက်၍ရှာဖွေစားသောက် ကြရသည့်အတွက် တိုင်းနှင့် ပြည်နယ်အစုံတွင် လူမျိုးစုံ၊ ဘာသာစုံတည်ရှိနေနိုင်သည်။ ထို့အတွက် ရှိခဲ့လို ရေကြီးရေလျှံမှုဖြစ်စဉ်များတွင် ရပ်နီး၊ ရပ်ဝေးနေ ပြည်သူများအားလုံး သာတူညီမျှခံစားရခြင်းပင်ဖြစ်သည်။ ယင်းကြောင့် လတ်တလော ပြည်တွင်းအိမ်ခြံမြေဈေးကွက်မှာ ထင်သလောက်မသွက်လှပေ။
ပြည်တွင်းရင်နှီးမြှုပ်နှံသူများအပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ အများစုကလည်း ရေးဘေးဒုက္ခအပေါ် စိတ်ဝင်စား နေသည့်အကြောင်းကြောင့် လက်ရှိ ပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် အရောင်းအေးသည်ထက် အရောင်း အဝယ်မဖြစ်ခြင်းအထိ ဖြစ်ပေါ်နေသည်။ “ အရောင်း အဝယ်ကတော့ သိပ်အားမရသေးပါဘူး။ နောက်ပြီး ဝယ်လက်မပြောနဲ့ ကျွန်တော်တို့လို ပွဲစားတွေတောင် တိုက်ခန်း၊ ခြံ ဘယ်အရောင်းအဝယ်ဘက်မှ မလှည့် နိုင်သေးဘူး။ ရေကြီးနေတော့ ကိုယ့်မွေးရပ်ကို စိတ်ပူ နေရတယ်။ အဲ့လိုတွေများလာတော့ ဈေးကွက်က ငြိမ်တဲ့ အပြင် အရောင်းအဝယ်ပါမရှိသလောက်ကို ရှားလာတယ်။ ဈေးကွက်ပျက်တယ်လို့တော့မဟုတ်ပါဘူး။ ရေကြီး တယ်ဆိုတာက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စဆိုတော့ အခုဈေးကွက်မှာရှိတဲ့ အရောင်းအဝယ်ပိုင်းအားလုံးအေး သွားတာပါ” ဟု အိမ်ခြံမြေနှင့် ကား အကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးက ဆိုခဲ့သည်။
ယခုလက်ရှိ ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ်ပါးသည့်အပြင် အိမ်ငှားဈေးကွက်မှာလည်း ပြည်တွင်း၏ ဝါတွင်းဟူသည့် ယုံကြည်မှုများကြောင့် အလုပ်မဖြစ်သည်ကို တွေ့နေရသည်။ သို့သော်လည်း ရုံးခန်းငှား လိုသူများ ပိုမိုများပြားလာသည့်အတွက် ရုံးခန်းအငှားဈေးကွက်မှာတော့ အနည်းငယ်လှုပ်လျက်ရှိနေသည်ကို တွေ့လာရသည်။ ထို့အတွက် လက်ရှိကာလပြည်တွင်း အိမ်ခြံမြေအငှား၊ ဝယ်ရောင်းဈေးကွက်သည် လိုအပ် သည်ထက် ပိုမို အရောင်းအဝယ်အေးနေသည်ကို တွေ့နေရသည်။
“ ကွန်ဒိုဥပဒေက အတိအကျထွက်မလာသေးတဲ့အတွက် ကွန်ဒိုဝယ်ချင်တဲ့သူတွေက စောင့်နေဟန်တူတယ်။ ရုံးခန်းအငှားလိုချင်တဲ့သူတွေကတော့ ကွန်ဒိုအငှားကိုပိုပြီးစိတ်ဝင်စားလာကြတယ်။ ကွန်ဒိုတိုက်ခန်းတွေမှာက ကားပါကင်နေရာကအစ အခန်းအနေအထားဖွဲ့စည်းပုံအထိ စနစ်တကျရှိတဲ့အတွက် လူနေတိုက်ခန်းထက် ရုံးခန်းအဖြစ်အသုံးပြုတာပိုကောင်းတယ်လေ။ ဒါ့ကြောင့်လည်း ကွန်ဒိုတွေမှာ ရုံးခန်းငှားရမ်းတာ ပိုပြီးအလုပ်ဖြစ်နေတာပါ” ဟု စမ်းချောင်းမြို့ နယ်နေ ဝါရင့် အိမ်ခြံမြေ အကျိုးတော်ဆောင်တစ်ဦးက ပြောခဲ့သည်။
ကွန်ဒိုတိုက်ခန်းများ၏ ငှားရမ်းခမှ ဈေးနှုန်းအားဖြင့် စမ်းချောင်းမြို့ နယ်တွင် DNH Tower တွင် ပေ ၂၀ x ပေ ၆၀ 1MBR,1BR,AC ပါဝင်သည့်အခန်းမှာ တစ်လလျှင် ငှားရမ်းခ ၈ သိန်းရှိနေပြီး၊ လှိုင်မြို့ နယ်ရှိ ပါရမီကွန်ဒိုတွင် 900 Sqft,1MBR,1BR,3AC တိုက်ခန်းကို တစ်လလျှင် အငှားဈေး ၈သိန်းသာ ခေါ်ဆိုထားသည့်အတွက် သင့်တင့်သော ဈေးနှုန်းပင်ဖြစ်သည်။ ထို့အပြင် YANGON RIVER CONDO တွင် 1200 Sqft,1MBR,1BR, 3AC ပါတိုက်ခန်းငှားရမ်းခကို ကျပ်သိန်း ၂၀ ဖြင့် ဈေးဖွင့်ထားသည်ကို တွေ့ရသည်။
“ ကွန်ဒိုဈေးကွက်က မသွက်ဘူးဆိုပေမဲ့ အရောင်းဈေးကွက်ကတော့ ပုံမှန်နှုန်းတော့သွားနေပါတယ်။ အခုကွန်ဒို ပေါက်ဈေးမှာ အနည်းဆုံးက ကျပ်သိန်းတစ်ထောင်အောက်ထစ်ရှိပါတယ်။ ဧရာဝဏ်လမ်းမကြီးက ကွန်ဒိုတိုက် ခန်းတစ်ခုမှာ 1150Sqft, AC မပါတဲ့အခန်းကို ကျပ်သိန်း ၁၀၀၀ လောက်ခေါ်ထားပါတယ်။ ဒါပေမဲ့ East Point Condo ကတော့ 1525 Sqft, 2MBR,1BR,3AC ပါတဲ့အခန်းကိုတော့ ကျပ်သိန်း ၂၈၀၀ ခေါ်ထားတာတွေရှိ တယ်။ ဝယ်နိုင်တယ်၊ ဝယ်ချင်တဲ့စိတ်ရှိတဲ့သူကတော့ ဘယ်လောက်ဈေးပေါက်ပေါက်ဝယ်မှာပါပဲ။ အခုလတ် တလောကတော့ နည်းနည်းတော့ အေးနေတာပေါ့” ဟု ဝါရင့်ကွန်ဒိုတိုက်ခန်း အကျိုးဆောင်တစ်ဦးက ဆိုခဲ့ သည်။
ကွန်ဒိုဈေးကွက်တွင် ရုံးခန်း၊ လူနေတိုက်ခန်းများအတွက်ဟုဆိုထားပြီး၊ ပြည်ပနိုင်ငံခြားသားများရင်းနှီးမြုပ်နှံမှု အလုံးအရင်းဖြင့် ဝင်ရောက်လာလိုသော်လည်း ကွန်ဒိုတိုက်ခန်းများအား နိုင်ငံခြားသားများ အပိုင်ဝယ်ယူခွင့်မရှိခြင်းကို ထိပ်လန့်နေကြပြီး၊ အငှားစနစ်ဖြင့်သာ ပြည်ပလုပ်ငန်းရှင်များလုပ်ကိုင်နေကြရကြောင်းသိရသည်။ ထို့ အတွက် ကွန်ဒိုဥပဒေထွက်ပေါ်လာပါက နိုင်ငံခြားသားကိုပါ ပိုင်ဆိုင်ခွင့်ပေးမည်ဆိုလျှင် ကွန်ဒိုတိုက်ခန်းများ အရောင်းသွက်နိုင်သည့်အပြင် ယခုထက်ဈေးပိုတက်လာနိုင်ပေသည်။
မြို့တွင်း၊ မြို့ ပြင်တိုက်ခန်းအငှားဈေးကွက်သည် ကွန်ဒိုတိုက်ခန်းဈေးကွက်လောက် အဝယ်၊အငှားမလှုပ်ခပ် သည်ကိုတွေ့နေရသည်။ ထို့အပြင် တိုက်ခန်းဈေးနှုန်းများသည် ကွန်ဒိုတိုက်ခန်းလောက်ဈေးနှုန်းမမြင့်သော် လည်း ကမ္ဘာအေး ဘုရားလမ်းမကြီးပေါ်မှာ ပေ၂၀x ပေ၄၅ ရှိကာ ပါကေးခင်းပြီး ဟောတိုက်ကို ကျပ် ၄ သိန်းဖြင့် အငှားဈေးကွက်ရှိနေသည်။ ထို့အပြင် ရွှေကမ္ဘာအိမ်ယာမှာ၊ 1500 Sqft, 3 လွှာမှာ ရုံးခန်းဖွင့်လှစ်နိုင်သည့် နေရာ ကောင်းတစ်ခုကို ကျပ် ၁၅ သိန်းနဲ့ အငှားခေါ်ထားသည်ကိုတွေ့ရသည်။
ယင်းကြောင့် လက်ရှိအိမ်ခြံမြေဈေးကွက်သည် အရောင်းထက်အငှားကို ပိုမိုပြုလုပ်နေကြပြီး၊ တိုက်ခန်းအငှား ဈေးနှုန်းသည် ကွန်ဒိုအငှားဈေးနှုန်းနှင့် မကွာသည့်အတွက် ရုံးခန်းငှားရမ်းလိုသူတို့သည် ကွန်ဒိုအငှားဈေးကွက် ဘက်သို့ ဦးတည်နေကြောင်းလည်း ရေးသားလိုက်ရပါသည။်
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com