ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံလိုသူများကို တင်ဒါခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာဝယ်ယူခဲ့သူ ၅၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံလိုသူနိုင်ငံသားများကို ဇူလိုင် ၁၂ ရက်မှစတင်၍ တင်ဒါခေါ်ယူခဲ့ရာ တင်ဒါလျှောက်လွှာ အရောင်းပိတ်ချိန်တွင် လျှောက်လွှာအစောင်ရေ ၅၀ ကျော် ၀ယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ တင်ဒါတင်သွင်းခြင်းကိုမူ တင်ဒါဖွင့်ဖောက်စိစစ်မည့်ရက်ဖြစ်သည့် သြဂုတ် ၁၈ ရက်မှ တစ်ပါတည်းတင်သွင်းစေကာ ဖွင့်ဖောက်စစ်ဆေးမည်ဟု ဆိုသည်။
"တင်ဒါလျှောက်လွှာဝယ်ယူတဲ့ အဆင့်ပဲရှိပါသေးတယ်။ အဲဒါက ၅၀ ကျော်ပါ။ တင်ဒါကိုတော့ သြဂုတ် ၁၈ ရက်မှ တစ်ပါတည်း တင်သွင်းခိုင်းပြီး ဖွင့်ဖောက်စစ်ဆေးမှာ။ အဲဒီနေ့ကျမှပဲ ကုမ္ပဏီဘယ်နှစ်ခုက တင်ဒါတင်သွင်းခဲ့သလဲဆိုတာ သိရမှာ။ ကုမ္ပဏီတော်တော်များများက စိတ်ဝင်စားကြပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို လက်ရှိရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာမှုကြောင့် မြို့ကိုတိုးချဲ့ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ ယခု ရန်ကုန်မြို့သစ်စီမံကိန်းအတွက် လျာထားသည့်နေရာများတွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို စသည့်မြို့နယ်များ ပါဝင်သည်။
အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းသည် ယခင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ရပ်ဆိုင်းခဲ့သည့် စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းကို အမြန်အကောင်အထည်ဖော်ပေးရန် ကြည့်မြင်တိုင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြန်လည်တင်သွင်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ပြီး ယင်းစီမံကိန်းသည် "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀" အရ ရန်ကုန်မြို့တိုးချဲ့ရန် ဒုတိယဦးစားပေးစီမံကိန်းအဖြစ် ပါဝင်ကြောင်း သိရသည်။
သို့သော် "မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀"အရ မြို့တိုးချဲ့ရန် ပထမဦးစားပေးဖြစ်သည့် ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည်မဖော်သေးဘဲ ဒုတိယဦးစားပေးဖြစ်သည့် ယခု ရန်ကုန်မြို့သစ်ကို ဦးစွာတင်ဒါခေါ်ယူထားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က မဖြစ်သင့်ကြောင်း ဝေဖန်နေကြသည်။
ယခု ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်နေရာများတွင် မြေကွက်များ၏ ခေါ်ဈေးများ မြင့်တက်နေသော်လည်း လက်တွေ့တွင် အရောင်းအ၀ယ်မဖြစ်သလောက် အေးနေကြောင်း ဒေသခံများနှင့် အိမ်ခြံလယ်ယာမြေ အကျိုးဆောင်များထံမှ ဇူလိုင်လကုန်ပိုင်းက စုံစမ်းသိရသည်။
Credit : Eleven News