မန္တလေးတွင် ဆောက်လုပ်ရေး ဆက်စပ် ပစ္စည်းများ ဈေးမြင့်တက်နေကြောင်း ဆောက်လုပ်ရေး လုပ်ငန်း ပစ္စည်းများ ရောင်းဝယ်ရေး လုပ်ငန်းများထံမှ သတင်း ရရှိသည်။
ဆောက်လုပ်ရေး လုပ်ငန်း ဆက်စပ် ပစ္စည်းများ ဖြစ်သည့် အုတ်၊ ထုံး၊ သဲ၊ ကျောက်၊ သံ၊ ဘိလပ်မြေ၊ သစ်များမှာ ယခု ၂၀၁၅ နှစ်ပိုင်းတွင် ဈေးပိုမို မြင့်တက် လာနေသည်။
အဆိုပါ ဆက်စပ် ပစ္စည်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးလာမှုနှင့် အတူ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှု များပြားလာခြင်း၊ နိုင်ငံတကာ ငွေဈေးနှုန်း မြင့်တက်နေမှုကြောင့် ပြည်ပမှ အဓိက ၀ယ်ယူနေရသော ကုန်ကြမ်းဈေးများ မြင့်လာခြင်းနှင့် ပြည်တွင်း၌ အခွန်ဆောင်ရာတွင်လည်း မြင့်တက်နေသော ဒေါ်လာဈေးနှင့် ဆောင်နေရသောကြောင့် အခွန်အခ ပိုမိုလာခြင်း တို့ကြောင့် ယခုလပိုင်းတွင် ပိုမို ဈေးမြင့်တက် သွားရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (အထက်ဗမာပြည်) ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။
““သမားရိုးကျ ဈေးကွက် အနေအထားအရ တက်လိုက် ကျလိုက်လေးတော့ အခုရက်ပိုင်း ရှိမယ်၊ ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်မယ် ဆိုရင်တော့ တက်တာပေါ့။ ၀ယ်လိုအား များလာတာလည်း ပါတယ်။ နောက်ပြီးတော့ ငွေဈေးရောပေါ့။ ဘိလပ်မြေဆို ပိုဆိုးတယ်။ တော်တော် တက်သွားတယ်။ သူက ပြီးခဲ့တဲ့ လောက်ကိုင် တိုက်ပွဲကြောင့် ကျောက်မီးသွေး သယ်ယူရမှာ အခက်အခဲက တအား ဖြစ်သွားတော့ ဈေးခုန်တက်သွားတယ်။
(၂၀) ရာခိုင်နှုန်းလောက်ကို တက်သွားတယ်”” ဟု C&D Group of Co.,ltd မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်မင်းထက်က ပြောသည်။
လက်ရှိတွင် မန္တလေး၌ ဘိလပ်မြေ တစ်အိတ်လျှင် (ကီလို ၅၀) Crown တံဆိပ် (၅၉၃၀) ကျပ်၊ မြန်မာ ဆင်တံဆိပ် တစ်အိတ်လျှင် (၅၂၅၀) ကျပ်နှင့် AAA တံဆိပ် တစ်အိတ်လျှင် (၅၈၃၆) ကျပ်အထိ ဈေးရှိပြီး အဆိုပါဈေးမှာ ၂၀၁၅ ဇန်န၀ါရီလထက် တစ်အိတ်လျှင် (၁၀၀၀)မှ (၁၅၀၀) ခန့် အထိ ဈေးမြင့်တက်ခဲ့သည်။
ထို့အပြင် သံချောင်းဈေးများမှာ (၁၆) ပေ သံချောင်း တစ်ချောင်းလျှင် (၅၇၀၀၀၀) ကျပ်၊ (၁၂) ပေ သံချောင်း တစ်ချောင်းလျှင် (၅၆၀၀၀၀) ကျပ်၊ (၅) ပဲ သံချောင်း တစ်ချောင်းအား (၉၈၀) ကျပ်နှင့် (၁) မတ် သံချောင်း တစ်ချောင်းလျှင် (၁၀၀၀) ကျပ် ခန့်အထိ ဈေးပေါက်နေပြီး အဆိုပါ ဈေးနှုန်းမှာလည်း ယခင်လများထက် (၂၀၀၀) နှင့် (၃၀၀၀) အကြား အထိ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း TZ တံဆိပ် ကွန်ကရစ်မွှေစက် အဆောက်အဦသုံး စက်ပစ္စည်း ရောင်းဝယ်ငှားနှင့် ထုတ်လုပ်ရေး လုပ်ငန်းထံမှ သိရသည်။
အုတ်ဈေးနှုန်း များမှာလည်း လက်ရှိတွင် မတ္တရာ အုတ်တစ်လုံးလျှင် (၁၀၀) ကျပ်နှင့် 7 star (မြစ်ငယ်) စက်အုတ် တစ်လုံးလျှင် (၉၂) ကျပ်ထိ ဈေးရှိနေပြီး၊ ယခင်လများထက် တစ်လုံးလျှင် (၁၅) ကျပ်နှင့် (၂၀) ကျပ်ခန့်အထိ ဈေးမြင့်တက်ခဲ့သည်။
““သဲကတော့ ဈေးတအား မတက်ဘူး။ အလုပ်သမားခလေး တက်လို့သာ နည်းနည်းလေး (၅၀၀) လောက်ပဲ တက်တာပါ။ မန္တလေးမှာတော့ သဲကို အဓိက ဂေါဝိန်ဆိပ်က နေရတယ်။ မြစ်ရေ တအားတက်တဲ့ အချိန်ပဲ သဲဈေးက မြင့်တက်တာ။ ဘာလို့လဲ ဆိုတော့ မြစ်ရေတက်တော့ ဝေးတဲ့နေရာမှာ သဲကို အတင်အချ လုပ်ရတာလေ။ အဲဒီတော့ အလုပ်သမားခနဲ့ အချိန်ပိုကြာသွားတဲ့ အတွက် အဲဒီအချိန်တော့ ဈေးကစားတယ် ပြောရမယ်”” ဟု ပွိုင့် အုတ်၊ ထုံး၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဒေါ်မျိုးနီလာဝင်းက ပြောသည်။
မန္တလေးတွင် ယခုနှစ်ပိုင်း၌ အထပ်မြင့် အဆောက်အအုံများ ယခင်နှစ်များထက် ပိုမို ဆောက်လုပ်လာကြပြီး အိမ်ရာ စီမံကိန်းများ၊ အဆင့်မြင့် မြို့တော် စီမံကိန်း တည်ဆောက်မှု ရှိလာမှုနှင့် အတူ ဆောက်လုပ်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာနေပြီး၊ ယခုအချိန်တွင် မန္တလေး၌ အထပ်မြင့် အဆောက်အအုံ ထပ်မံ ဆောက်လုပ်ရန် အလုံး (၅၀)ခန့် လျာထားမှုရှိကြောင်း မြန်မာ နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း (အထက် ဗမာပြည်) ထံမှ သိရသည်။
Credit: messenger