မြန်မာ့ ဓလေ့ထုံးတမ်းအဆင်အလာရ နေအိမ်တိုက်ခန်းများ ပြောင်းရွှေ့ ခြင်းကို ဝါတွင်းကာလတွင် မပြုလုပ်သင့် ဟု အယူအဆတစ်ခုရှိနေလေသည်။ ယင်း အယူအဆတစ်ခုကြောင့်လည်း မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်သည် နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလရောက်ခံနီးဈေးကွက်နှင့် ဝါးတွင်းကာလအတွင်းဈေးကွက်တို့၏ ရောင်းလိုအား ဝယ်လိုအားမှာ သိသိသာသာကွာခြားလှသည်ကိုတွေ့ရသည်။ ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့်ပါက ၈၀ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းအထိ ရောင်းလိုအားဝယ်လိုအား ကွာခြားနေလေသည်။ ထို့အတွက် အိမ်အပြောင်း အရွှေ့ မပြုလုပ်သင့်သော ဝါတွင်းကာလမရောက်ခံနီးတွင် မြန်မာနိုင်ငံ၏ အိမ်အငှား၊ အဝယ်ဈေးကွက်မှာ သိ သာစွာမြင့်တက်လေ့ရှိပြီး ဝါတွင်းအိမ်ရောင်း၊ အိမ်ငှားမှာ မရှိသလောက်ရှားပါးလေ့ရှိသည်။
ယခုအခါ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်တွင် ဝါတွင်း၌အိမ်ခြံမြေရောင်းခြင်းဝယ်ခြင်းကို ရှောင်းရှားကြသည့်အ တွက် ဝါအဝင်မှာအိမ်ငှားခြင်းနှင့် အိမ်ဝယ်ခြင်းအလုပ်ကို အလျင်စလိုပြုလုပ်လာသည်ကိုတွေ့လာရသည်။ များ သောအားဖြင့် ရန်ကုန်မြို့ လိုနေမျိုးတွင် ဝါမဝင်ခင် တိုက်ခန်းဝယ်ယူမှုအများဆုံးပြုလုပ်လာကြသည်။ ဤသည် မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းများ များပြားခြင်းကြောင့် ကန်ထရိုက်တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ကြိုပွိုင့်ပုံစံ ရောင်းချပေးမှုများရှိနေသော်လည်း အများစုက မျက်မြင်ဝယ်ယူခြင်းကိုသာ ဦးစားပေးလုပ်ကိုင်လာ ကြသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဝါတွင်းကာလသို့ ရောက်တော့မည်ဖြစ်သဖြင့် အိမ်ပြောင်းလိုသူ အိမ်ငှားလိုသူများ သည် ခြေလှမ်းစိပ်လာသည့်အတွက် ယခုပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် ရောင်းခြင်း၊ ဝယ်ခြင်း၊ ငှားခြင်း များပိုမိုအလုပ်ဖြစ်လာကြောင်းသိရသည်။ “ ရှေ့ လတွေက အရောင်းအဝယ်အေးသလောက် ခုလတော့ ပြန် လိုက်လာတာတွေ့ရတယ်။ ဒါကလည်း ဝါဝင်တော့မှာဆိုတော့ နှစ်တိုင်းပုံမှန်လိုပါပဲ။ ဒီနှစ်က ထူးဆန်းတာက လုံ ချင်အိမ်တွေက အဲ့လောက်မဟုတ်ဘူး ကန်ထရိုက်တိုက်ခန်းတွေအဝယ်များလာတာတွေ့ရတယ်။ ကြိုပွိုင့် အခန်း တွေတော့ သိပ်စိတ်မဝင်စားကြဘူး။ မျက်မြင်ဘဲ ဝယ်ကြတာများတယ်။ ဝါမဝင်မီဆိုတော့ အရောင်းအဝယ်၊ အငှား ပြန်သွက်လာပါတယ်” ဟုကမာရွတ်မြို့နယ်မှ ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုခဲ့လေသည်။
ထို့အတွက် ဝါမဝင်မီကာလ အိမ်ခြံမြေအရောင်းအဝယ်ပြန်လည်သွက်လာသော်လည်း အများစုမှာ ကြိုပွိုင့်အခန်း များထက် တည်ဆောက်ပြီးသားအခန်းများကိုသာ မျက်မြင်ဝယ်လိုလာကြသည်ကို တွေ့လာရသည်။ ယင်းမှာ လည်း အချို့ဆောက်လုပ်ရေးလုပ်ငန်းများသည် ကြိုပွိုင့်တိုက်ခန်းများကို ရောင်းချရာတွင် ကုမ္ပဏီဘက်မှ အခန်း အရေအတွက်၊ တိုက်ခန်း၏အကျယ်သည် Square FT ဘယ်လောက်ကျယ်သည်၊ Master Bed Room, Bed Room များပါရှိ၊ မီးဖိုခန်း၊ မီးဖိုစင် ကိုလည်းအဆင့်မြင့်မြင့်ပြင်ဆင်ထားပြီး၊ မီးဖိုးကြမ်းခင်းကို ကြွေပြားခင်းပေး ထားခြင်း၊ Beath နှင့် W.C များအားကြမ်းခင်းကြွေပြားခင်းပြီးဟုဆိုကာ အစရှိသောမက်လုံးများဖြင့် တိုက်ခန်း များကို ရောင်းချလာသည်ကို တွေ့လာရသည်။ သို့သော်လည်း လက်တွေ့တွင် အထင်နှင့်အမြင် အပြောနှင့် အလုပ် တက်တက်စင်လွဲသောသူများလည်း ရှိကြသည်။ ထိုအခါ ဝယ်ယူသူအများစုသည် တာဝန်ယူမှု၊ တာဝန် ခံမှု မရှိနိုင်သည့် ကြိုပွိုင့်တိုက်ခန်းများကို ဝယ်ယူခြင်းအားတက်နိုင်သမျှစိစစ်လုပ်ကိုင်လာကြကာ အချို့မှာလည်း မိမိယုံကြည်ရသော ဆောက်လုပ်ရေးကုမ္ပဏီများဖြင့်သာ ဆက်သွယ်ဝယ်ယူမှုများ ပြုလုပ်လာကြသည်။
ထို့အပြင် ဝါတွင်းကာလရောက်တော့မည်ဖြစ်သဖြင့် အိမ်ငှားနေထိုင်သူများမှာလည်း အပူမီးတောက်လောင်လှ သည်။ နှစ်ရှည်စာချုပ် ချုပ်ဆိုထားခြင်းမရှိသော အိမ်ငှားများအနေဖြင့် ယင်းဝါတွင်လမတိုင်မီတွင် အိမ်ငှားခများ တိုးမြှင့်တောင်းဆိုခြင်းကို ခံစားရမည်ဖြစ်ပေသည်။ အိမ်ရှင်တို့မှလည်း ယင်းဝါတွင်းကာလမရောက်မီ အိမ်ငှား ခများကို တိုးမြှင့်သတ်မှတ်လေ့ရှိသည့်အတွက် နှစ်ချုပ်စာချုပ်များမရှိသည့်အိမ်ငှားဘဝများမှာတော့ ဝါမဝင်မီ အိမ်ခန်းအသစ်ရှာရမြဲပင်ဖြစ်သည်။ ထို့အတွက်ပင် ယခုဝါတွင်းကာလမရောက်မီတွင် အိမ်အသစ်ရှာဖွေသော အိမ်ငှားများကြောင့်လည်း အိမ်ငှားဈေးကွက်မှာလည်း အလုပ်ဖြစ်လျက်ရှိပြီး အိမ်ငှားခဈေးနှုန်းများမှာလည်း မြင့်သထက်မြင့်လာလေသည်။ “ ဝါဝင်တော့မှာဆိုတော့ အိမ်အပြောင်းအရွှေ့ ကလုပ်လို့မကောင်းဘူးလေ။ ဒီတော့ ဝါမဝင်ခင် အိမ်ခန်းရှာနေရတယ်။ အရင်ငှားထားတဲ့ တိုက်ခန်းက ဈေးငါးသောင်းမြင့်သွားပြီ နောက်ပြီး အနည်းဆုံး ၆ လစာချုပ်ရမှာဆိုတော့ ကိုယ်တွေအတွက် မလွယ်လှဘူး။ အခု သမိုင်းဘက်မှာ ဈေးသက်သက် သာသာနဲ့ တိုက်ခန်းငှားလို့ရတယ် ကြားတယ်။ အဲ့ဘက် သွားကြည့်မလားလို့” ပုဇွန်တောင်တွင် တိုက်ခန်းငှား နေထိုင်သော အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
“ ဝါတွင်းကာလဆိုတော့ ပုံမှန်ထက်တော့ အိမ်အငှားဈေးနှုန်းကမြင့်သွားတာပေါ့။ သူ့အစားအစားလိုက်ပါပဲ။ အ ဝယ်ထက်တော့ အငှားပိုများပါတယ်။ ဒီအချိန်က အသိုက်ပြောင်းတဲ့ အချိန်ဆိုတော့။ ပထမထပ်ကနေ တတိယ ထပ်အထိက သိပ်အလုပ်မဖြစ်ဘူး ခေါ်ဈေးတွေများတယ်။ လေးထပ်မြောက်အခန်းကနေစပြီး အပေါ်ထိ အခုအလုပ်ကောင်းနေတယ်” ဟုလှိုင်မြို့ နယ်မှ တိုက်ခန်းအကျိုးတော်ဆောင်တစ်ဦးက ဆိုခဲ့သည်။ ထို့ကြောင့် လက်ရှိကာလသည် ဝါမဝင်မီကာလဖြစ်သည့်အတွက် ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် မြေကွက်များထက် နေအိမ်များ၊ တိုက်ခန်းများ အရောင်းအဝယ်သွက်လျက်ရှိပြီး၊ အိမ်အငှားဈေးကွက်မှာလည်း အရောင်းအဝယ် ဈေးကွက်ထက် ပိုမိုအလုပ်ဖြစ်လျက်ရှိသည့်အတွက် တစ်လစာပွဲစားခရရှိ၍ အိမ်ခြံမြေအကျိုးတော်ဆောင်များ ၏ အူစိုသောကာလလည်းဖြစ်ပေသည်။ ဝါမဝင်မီကာလဖြစ်သည့်အတွက် အိမ်ခြံမြေ အရောင်းအဝယ်၊အငှား ဈေးသွက်နေသော်လည်း ဝါတွင်းကာလတွင်မှု မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်သည် ပြန်လည်ငြိမ်သက်သွား ဖွယ်ရှိပြီး ဈေးများထပ်မံကျဆင်းလာဖွယ်ရှိသည်။
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com