ပြင်သစ်နိုင်ငံ မြို့တော် ပါရီတွင် နှစ် (၄၀)အတွင်း ပထမဆုံး အကြိမ်အဖြစ် အထပ်မြင့်တိုက် ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ ပါရီမြို့သူ မြို့သားများကတော့ ခေတ်မီ အထပ်မြင့် တိုက်ကြောင့် ရှေးဆန်သည့် ပါရီမြို့ကြီး၏ အလှအပပျက်ယွင်းမှာ စိုးရိမ်ကာ ကန့်ကွက်လျက်ရှိကြသည်။
အဆောက်အအုံသည် ပေ (၆၀၀) မြင့်မည်။ ပါရီမြို့ နာမည်ကျော် အီဖယ် မျှော်စင်နှင့်အပြိုင် ကောင်းကင်ယံပေါ် ထိုးတက် လာမည့် ပထမဆုံး အထပ်မြင့်တိုက်လည်း ဖြစ်လာမည်။ ထိုအဆောက်အအုံတွင် အခန်း (၁၂၀)ပါမည့် ဟိုတယ်တစ်လုံး ပါသည်။ ရုံးခန်းများဖွင့်လှစ်ရန် ကြမ်းခင်းဧရိယာ စတုရန်းမီတာ(၇၀၀၀၀)လည်း ပါဝင်မည်ဟု သိရသည်။
ပါရီမြို့အုပ်ချုပ်ရေး ကောင်စီက ထိုအဆောက်အအုံ တည်ဆောက်ရန် တင်ပြမှုကို ၂၀၁၄ ဒီဇင်ဘာလက တစ်ကြိမ် ပယ်ချ ခဲ့ဖူးပြီးနောက် ယခုမှ ပြန်ခွင့်ပြုပေးခြင်း ဖြစ်သည်။ ထိုအဆောက်အအုံကို ဂျာမနီ ဘေဇယ်မြို့အခြေစိုက် Herzog & de Meuron ဗိသုကာလုပ်ငန်းက ဒီဇိုင်းထုတ် ထားခြင်းဖြစ်သည်။ ထိုဗိသုကာလုပ်ငန်းသည် လန်ဒန်မြို့ရှိ Tate Modern အနုပညာပြခန်းကို ဒီဇိုင်းထုတ်ခဲ့သလို၊ ၂၀၀၈ ခုနှစ်ပေကျင်း အိုလံပစ် အားကစားကွင်း များအနက် ငှက်သိုက်သဏ္ဍာန် အဆောက်အအုံကြီးကို ဒီဇိုင်းထုတ်ခဲ့သောအဖွဲ့လည်း ဖြစ်သည်။
ထိုအဆောက်အအုံ ဆောက်လုပ်ရေးအတွက် ဥရောပရှိအကြီးဆုံး အိမ်ခြံမြေ လုပ်ငန်းကြီး Unibail Rodamco က ယူရို သန်းငါးရာ ရင်းနှီးမြှုပ်နှံထားပြီး ၂၀၁၈ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ဖို့ စီစဉ်ထားသည်။
အဆောက်အအုံကို Tour Triangle ဟု အမည်ပေးထားသည်။ ပါရီမြို့ အနောက်တောင်ပိုင်းတွင် တည်ဆောက်မည်ဟု သိရသည်။ အထပ်မြင့်တိုက်ကြီး များဟူသည် ကမ္ဘာ့မြို့ပြများတွင် တွေ့နေကျဖြစ်သော်လည်း ပါရီတွင်ကား ၁၈၈၉ ခုနှစ် နိုင်ငံတကာ ကုန်စည်ပြပွဲအတွက် (၉၈၄) ပေမြင့်သော အီဖယ်မျှော်စင်ကြီးကို တည် ဆောက်ခဲ့ပြီးသည့် နောက်ပိုင်း မျှော်စင်၏ အလှပျက်ယွင်းမည်စိုးသောကြောင့် အခြားသော အထပ်မြင့် အဆောက်အဦများကို လုံးဝ ခွင့်မပြုခဲ့ချေ။ ပါရီတွင် ၁၈၈၉ နောက် ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆောက်လုပ်သည့် အထပ်မြင့်တိုက်ကား ၁၉၇၃ ခုနှစ် တွင် ဆောက်လုပ်ခဲ့သော တိုးရ်မွန်ပါနတ်စ် အထပ်မြင့်တိုက် ဖြစ်သည်။ ထို့နောက်ပိုင်း တွင်လည်း မည်သည့် အထပ်မြင့်တိုက်ကိုမျှ ခွင့်မပြုခဲ့။
Credit: messenger