ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျုးကျော် နေထိုင်သူများအား အငှားအိမ်ရာ တည်ဆောက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ ယမန်နေ့က စတင်၍ တင်ဒါ ခေါ်ယူလိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ အဆိုပါ အိမ်ရာ လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေဖြင့်
တိုင်းဒေသကြီး အစိုးရရုံးသို့ လာရောက်၍ လိုအပ်သည့် သတင်းအချက်အလက်များကို မေးမြန်းကာ
လျှောက်ထားနိုင်ကြောင်း သိရသည်
''ကျူးကျော်တွေကို အငှားချဖို့ အိမ်ရာတွေကို ဒီဘဏ္ဍာနှစ် အတွင်း အပြီးသတ် တည်ဆောက် သွားမှာပါ''ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။
အိမ်ရာ စီမံကိန်း ဆောင်ရွက်မည့် နေရာများမှာ ဒဂုံတောင်ပိုင်း မြို့နယ်ရှိ (၁၄၁) ရပ်ကွက်၊
အမှတ် (၂) လမ်းမကြီး အနီးရှိ မြေဧရိယာ ၁၂ ဒသမ ၅၃၄ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီ လမ်းထောင့်ရှိ မြေဧရိယာ(၁၈၃ ဒသမ ၅၀၅) ဧကတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ရာများအား တစ်နှစ် အတွင်း အပြီးသတ်
တည်ဆောက်မည် ဖြစ်ပြီး၊ တည်ဆောက်ပြီးပါက ကျူးကျော်များ သာမက နိုင်ငံ့ ၀န်ထမ်းများကိုပါ အငှားချထား ပေးသွားမည် ဖြစ်သည်။
““အခုဖယ်ရှားလိုက်တဲ့ ကျူးကျော်တွေ လမ်းပေါ်နေထိုင် စားသောက်ရတော့ ဒုက္ခများတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ မြေနေရာ လွတ်တွေမှာ
အိမ်ရာ စီမံကိန်းတွေ များများ ဖော်ဆောင် ပေးသင့်တယ်”” ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျူးကျော် နေထိုင်မှုမှာ အရှေ့ပိုင်း ခရိုင်တွင် အိမ်ထောင်စု (၂၂၀၀၈) စုမှ လူဦးရေ (၉၁ ၉၁၃) ဦး၊မြောက်ပိုင်းခရိုင်တွင် အိမ်ထောင်စု (၃၉၄၅) စုမှ လူဦးရေ (၉၉၆၉) ဦး မြောက်ပိုင်းခရိုင်တွင် အိမ်ထောင်စု (၂၆၃၉၈) စုမှ လူဦးရေ (၁၀၈၅၅၂) ဦးနှင့် အနောက်ပိုင်း ခရိုင်တွင် အိမ်ထောင်စု (၁၄၁) စုမှ လူဦးရေ (၃၇၂) ဦး ရှိကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
Credit: Messenger News Journal