လက်ရှိရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော DagonCity တည်ဆောက်ရေးစီမံကိန်းကဲ့သို့ ပြဿနာဖြစ်ပေါ် ရခြင်းမှာ ရန်ကုန်မြို့၏ မြို့ပြစီမံကိန်း (Yangon Urban Planning) မရှိ၍ ဟုရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မှစုံစမ်းသိရှိရသည်။
ရန်ကုန်မြို့၏ ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်လည်မွမ်းမံရာတွင် ရန်ကုန်မြို့ ၏အလှနှင့် မြို့ ကျက်သရေကို ဖော်ဆောင်နိုင်သည့် အဆောက်အဦးများကို မပျောက်ပျက်သွားစေရန်အတွက် သေချာတွက်ချက်ထားသော မြို့ပြစီမံကိန်း (Urban Planning) မရှိသေးသည်က ယခုကဲ့သို့ DagonCity တည်ဆောက်မှုပြဿနာမျိုးကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်းသိရသည်။ “Urban Planning ရှိရင် ဒီပြဿနာက ဖြစ်မှာမဟုတ်ပါဘူး။ ဘယ်နေရာမှာ ဘယ် အဆောက်အဦရှိရမယ်ဆိုတာမျိုးသတ်မှတ်ထားနိုင်မယ်။ ရွှေတိဂုံဘုရားအနားမှာ ဘယ်အဆောက်အဦးပဲ ရှိရ မယ်ဆိုတာမျိုးပေါ့။ နောက်ပြီး Zoning Law လည်းလိုပါတယ်။ နယ်မြေသတ်မှတ်ချက်နဲ့ မြို့ ပြစီမံကိန်းကို အကောင်အထည်ဖော်ရင် သိပ်ပြီး Risk မများဘူး။ အခု DagonCity ကိစ္စကလည်း ဒီလိုပါပဲ အစောကြီးကတည်းက Urban planning သာပြီးခဲ့ရင် ဒီလောက်အထိ ပြဿနာဖြစ်လာစရာမရှိပါဘူး” ဟုရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက iMyanmarHouse.com သို့ပြောကြားခဲ့သည်။
ယခုအခါ ရန်ကုန်မြို့တော်စီမံကိန်းများတည်ဆောက်ရာတွင် Urban Planning မရှိခြင်းကြောင့် ကလေး ကစားကွင်းများ၊ အများပြည်သူအပန်းဖြေနားနေနိုင်သည့် နေရာများ ပျောက်ဆုံးလာနိုင်ကြောင်းလည်းသိရသည်။ ထို့အပြင် ယခင်ကဂျပန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် JICA အဖွဲ့နှင့် ပူးပေါင်းရေးဆွဲထားသည့် Urban Planning မှာလည်း နှစ်ရှည်စီမံကိန်းဖြစ်ခြင်းကြောင့် အချောသပ်နိုင်ရန် လိုအပ်သေးကြောင်းသိရသည်။ ယခင်ကရေးဆွဲလျက်ရှိသော Zoning Law မှာလည်း အပြီးသတ်ရေးဆွဲထားနိုင်ခြင်းမရှိသည့်အတွက် မကြာမီအချိန်အတွင်း အပြီးသတ်ရေးဆွဲသွားနိုင်ရန် ပြုလုပ်လျက်ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။
လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com