ပြင်ဦးလွင်မြို့ရှိ အိမ်မြေအကျိုးဆောင် အမျိုးသမီးတစ်ဦးက ပြင်ဦးလွင်မြို့ရှိ ကျေးရွာ အချို့မှ
ရောင်းချပြီးသော မြေကွက်များနှင့် မုံရွာမြို့မှ ရောင်းချပြီးသော မြေကွက်များကို အခြားသူများကို
ထပ်မံရောင်းချထားသောကိစ္စမှာ ယခုလဆန်းပိုင်းတွင် တစစ ရုပ်လုံး ပေါ်လာပြီးနောက်၊
ယခုအခါ ထိုသို့လိမ်လည် ရောင်းချခံခဲ့ရသူဦးရေမှာ ထက်ဝက်ခန့်ပိုများ လာသည်ကို
တွေ့ရကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ပြင်ဦးလွင်ရုံးခွဲ) ဥက္ကဋ္ဌဖြစ်သူ၊ကောင်းဟိန်းဆက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ခင်သန်းက ယခုလ ၁၅ ရက်တွင်ပြောသည်။
“ရောင်းပြီးသား မြေကွက်တွေကို ထပ် အရောင်းခံထားရသူတွေက ဒီလပထမပတ်
အထိ စာရင်းအရ ပြင်ဦးလွင်မှာ ၅၀ လောက် ရှိတယ်။ ဒုတိယပတ်အကုန်မှာ အလိမ်ခံရတယ်
ဆိုပြီး စာရွက်တွေ လာထပ်ထားတာ လူ ၁၀၀ ကျော်သွားပြီ။ မြေကွက်တွေ ဘယ်လောက်
ထပ်တယ်ဆိုတာကိုတော့ မရေတွက်ရသေး ပါဘူး။ တစ်ကွက်ကို နှစ်ယောက်၊ သုံးယောက်
ထပ်အရောင်းခံထားရတာ”ဟု ဒေါ်ခင်သန်း ကပြောသည်။
ထိုသို့ရောင်းချသွားသူကို ဆက်သွယ်စုံစမ်းမရသော်လည်း ပြီးခဲ့သော ဇွန်လ ၃ ရက်နေ့တွင်
ကြေးမုံသတင်းစာ၌ ‘လုပ်ငန်းတွင် အကြောင်းအမျိုးမျိုးဖြင့် ငွေကြေး ထည့်ဝင်ထားသူများ၏ငွေကို
ပြန်ထုတ်ပေးရန် ဆန္ဒရှိကြောင်း၊ ရှင်းလင်းနိုင် ရန် တတ်စွမ်းသမျှ လုပ်ဆောင်နေကြောင်း’
ကြော်ငြာထည့်ခဲ့ကြောင်း၊ ၎င်းနောက် ဒေါ်ခင်သန်းကလည်း အဆိုပါလိမ်လည်သွားသူကို
ပြဿနာများကို ကြော်ငြာပါသည့်နေ့မှ ၁၅ ရက် အတွင်း လာရောက်မဖြေရှင်း ပါက ဥပဒေအရ
ဆောင်ရွက်သွားမည်ဟု ယခုလ ၉ ရက်နေ့တွင် မြန်မာ့အလင်းသတင်းစာမှ ကြော်ငြာထည့်
ထားကြောင်း ဒေါ်ခင်သန်းက ပြောသည်။
“ဒီလိုလိမ်ရောင်းသွားသူက ပြင်ဦးလွင် မြို့၊
ရေချမ်းအိုးရွာကပါ။ သူက အဲဒီမှာပဲ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဖွင့် ထားတယ်။ မြန်မာနိုင်ငံ
အိမ်ခြံမြေ၀န် ဆောင်မှုအသင်း (ပြင်ဦးလွင်ရုံးခွဲ) အဖွဲ့ဝင်ဖြစ်ပေ မယ့် သူ့ရုံးခန်းမှာပဲ သူအလုပ်လုပ်ပြီး
အသင်း အဖွဲ့ကို အသုံးချပြီး လုပ်စားသွားတယ်။ အခု သူဟာ အသင်းနဲ့လည်း မသက်ဆိုင်တော့ပါဘူး”ဟု
ဒေါ်ခင်သန်းကပြောသည်။
မုံရွာမြို့၊ ထန်းတောရပ်ကွက်မှ ရောင်းမှားဝယ်မှားဖြစ်ထားသူ ဦးကြင်ခဲကလည်း ရက်ချိန်းပြည့်ချိန်တွင်
တစ်ဖက်မှ တုံ့ပြန်မှု ရှိမလာပါက တရားဥပဒေအရ ဆက် လုပ်ဆောင်သွားရန် တတ်ကျွမ်းသူများနှင့်
တိုင်ပင်နေကြောင်း ပြောသည်။
“အခု အ၀ယ်မှားသူတွေက မုံရွာ၊ ပြင်ဦး လွင်အပြင် မန္တလေး၊ ရန်ကုန်တို့ကလည်း ပါနေတယ်။ ကျွန်တော်တို့က လိမ်လည်သူဆီမှာ ငွေရှယ်ယာမထည့်ထားဘူး၊
အရောင်း အ၀ယ်လုပ်ထားကြတာပါ။ သူလိမ် လည်တာကို လိမ်လည်မှုဖြစ်အောင် လုပ်သွားမယ်။
ကျွန်တော်တို့အနေနဲ့ လက်လွှတ် ဆုံးရှုံးရမယ်ဆိုရင် အရမ်းနစ်နာပါတယ်။ အကွက်ထပ်
အရောင်းခံရသူအချင်းချင်း ပြဿနာတက်နေလို့လည်း မဖြစ်သေးပါဘူး။ ရုန်းရင်းဆန် ခတ်ဖြစ်လို့လည်း
မဖြစ်ပါဘူး။ တစ်ယောက်တစ်ပေါက်နဲ့ဆိုရင် မအောင်မြင်နိုင်ပါဘူး။ အတူပူးပေါင်းလုပ်သွားမှရမှာပါ”
ဟု ဦးကြင်ခဲက တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ယခုလ ၁၅ ရက်က ပြောသည်။
ယခုအရှုပ်အရှင်းကို ကော်မတီဖွဲ့ပြီး ဖြေရှင်းရန်အတွက် ရောင်းမှားဝယ်မှားဖြစ်သူတချို့ ယခုလ
၆ ရက်တွင် ပြင်ဦးလွင်မြို့၌ စုစည်းခဲ့ကြသော်လည်း အချင်းချင်းအငြင်း ပွားမှုများသာ ဖြစ်ခဲ့သည်။
Credit: The Myanmar Times