ကန်ထရိုက်ထွက်ပြေးမှု ပြသနာနဲ့ တရားမ၀င် ကန်ထရိုက်တိုက် ဆောက်လုပ်မှုတွေကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တရားစွဲ၊ မြေပြင်အထိ ဖြိုဖျက်ပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
"အခုနောက်ပိုင်းက ကန်ထရိုက်ဈေးကွက်တွေ များလာပြီး မြေရှင်နဲ့ ကန်ထရိုက်ပြသနာတွေက များလာတော့ ဌာနဘက်က သူတို့ကို ထိန်းချုပ်နိုင်ဖို့ ဥပဒေတွေ ထပ်တိုးလာရတယ်၊ တချို့လိုင်စင်ရှိတဲ့ ကန်ထရိုက်ပြသနာတွေက ဖြေရှင်းရတာ လွယ်ပေမယ့် လိုင်စင်မဲ့တွေကျတော့ အရေးယူရခက်တယ်"လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အုံ) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အရေးယူမယ်
ယခုနောက်ပိုင်း အကျိုးတူ ကန်ထရိုက်တချို့မှာ ဆောက်လုပ်နေရင်း ငွေကြေးပြတ်သွားတဲ့ အခြေအနေ ၀ယ်လက်မရှိတဲ့ ပြသနာတွေကြောင့် ဆောက်လက်စ အထပ်မြင့်တိုက်တချို့ ကန်ထရိုက်ပြေးသွားတဲ့ ပြသနာတွေ ကြုံတွေ့နေရပါတယ်။ ဒါ့အပြင် တချို့တိုက်တွေမှာလည်း သတ်မှတ်ထားတဲ့ ပမာဏထက် လျော့နည်းဆောက်လုပ်ပြီး နေထိုင်ဖို့ အန္တရာယ်ဖြစ်နိုင်တဲ့ ပြသနာတွေကြောင့် ယခင်က မြို့တော်စည်ပင် အနေနဲ့ တရားစွဲဆို ဒဏ်ရိုက်အရေးယူမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။
ကန်ထရိုက်ပြေးတဲ့ ပြသနာတွေက မြေပိုင်ဆိုင်မှု အားနည်းတဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ အဓိကဖြစ်ပေါ်လာတာကြောင့် အသနားခံစာ လာရောက်တင်ပြတဲ့ အထပ်မြင့် တိုက်ပြသနာတွေကို ဌာနက ဖြေရှင်းပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဌာနမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ကန်ထရိုက်တာတွေကို အရေးယူရတာက လွယ်ပေမယ့် ဌာနမှာ တရားဝင် မရှိတဲ့ သူကိုအရေးယူဖို့ကျတော့ ခက်ခဲတယ်"လို့ ၄င်းက ပြောပါတယ်။
ရပ်လည်းအရေးယူမယ်
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ ကာလအတွင်း ပြီးအောင် မဆောက်ပဲ ရပ်နားထားတဲ့ အဆောက်အအုံတွေကိုလည်း မြေရှင်ဘက်က တိုင်ကြားလာရင် အရေးယူသွားမှာ ဖြစ်ပါတယ်။ အရေးယူမှုတွေမှာ လိုင်စင်ပိတ်သိမ်းတဲ့ အထိ အရေးယူသွားမှာ ဖြစ်ပြီး လိုင်စင်မဲ့ ကန်ထရိုက်တွေကိုလည်း ငွေဒဏ်နဲ့ ထောင်ဒဏ် ချမှတ်သွားမှ ဖြစ်ပါတယ်။
Credit: The Kumudra