မိုးရာသီကာလအတွင်း ချောင်း သာသို့ လာရောက် လည်ပတ်ကြ သော ခရီးသွားဧည့်သည်များ အတွက် ကမ်းခြေဟိုတယ် အခန်းခ ဈေးနှုန်းများကို ၂ဝ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းအထိ ဈေးလျှော့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း (ချောင်းသာ ဇုန်) အတွင်းရေးမှူး ဦးမင်းကျော်ဦး က ပြောသည်။
”မိုးတွင်းကာလ ချောင်းသာ ကမ်းခြေမှာ အစားအသောက်ဆိုရင် လည်း လတ်ဆတ်တဲ့ ပင်လယ်စာ တွေ ပေါပေါများများ စားသောက်နိုင် ပြီး စိမ်းလန်းစိုပြည်တဲ့ပတ်ဝန်းကျင်နဲ့ မုတ်သုံရဲ့အလှကို ခံစားနိုင်အောင် ပရိုမိုးရှင်း အစီအစဉ်တွေ ပြုလုပ်ပေး တာပါ”ဟု ၎င်းက ပြောသည်။
ချောင်းသာကမ်းခြေမှာ ပြည်တွင်း ခရီးသွား ဧည့်သည်များ လည်ပတ်မှု အများဆုံး ကမ်းခြေတစ်ခုဖြစ်ပြီး မိုးတွင်းကာလတွင်မူ ဧည့်သည် လာရောက်မှု နည်းပါးသည့်အတွက် ကမ်းခြေဟိုတယ်အများစုမှာ ပိတ် ထားကြပြီး ၂ဝ၁၁ ခုနှစ် နောက်ပိုင်း တွင် ချောင်းသာကမ်းခြေအား တစ်နှစ် ပတ်လုံး လာရောက် လည်ပတ်နိုင်စေ ရန်အတွက် ဆောင်ရွက်ခဲ့ကြသည်။
မိုးတွင်းကာလတွင် ဟိုတယ် အခန်းခ ဈေးနှုန်းများကို ၂ဝ ရာခိုင် နှုန်းမှစ၍ ၄ဝ မှ ၅ဝ ရာခိုင်နှုန်းအထိ ဟိုတယ် အသီးသီးမှ ဈေးလျှော့ ရောင်းမည်ဖြစ်ကြောင်း သိရသည်။
”အခုဆိုရင်တော့ လမ်းတွေက ကောင်းသွားပြီ။ မိုးတွင်းကာလမှာ မုန်တိုင်းအန္တရာယ်ကို လူတွေကြောက် ကြပေမယ့် ချောင်းသာက မာလာ မုန်တိုင်းမှာ အတွေ့အကြုံလည်း ရှိပြီး နေပြီဆိုတော့ ဟိုတယ်တိုင်းလိုလို ပြင်ဆင်ထားတယ်။ မိုးလေဝသ ပညာရှင်တွေနဲ့ အမြဲဆက်သွယ်နေ ပြီး လိုအပ်တဲ့ ရိက္ခာတွေ စုဆောင်း တာတို့၊ တောင်ကုန်းပေါ်က လုံခြုံ စိတ်ချရတဲ့ရတဲ့ နေရာမှာ မုန်တိုင်း ဒဏ်ခံ အဆောက်အအုံတွေ ဆောက် လုပ်လှူဒါန်းထားတာတွေ လုပ်ထား ပါတယ်”ဟု ယင်းအသင်းဥက္ကဋ္ဌ ဦးကျော်ခိုင်က ပြောသည်။
ချောင်းသာကမ်းခြေဟိုတယ် ဈေးနှုန်းများအနေဖြင့် ပွင့်လင်းရာသီ နှင့် ပွဲတော်ရက်များတွင် ဈေးနှုန်း များ မြင့်တက်လေ့ရှိပြီး ယင်းကာလ ဆိုလျှင် ဧည့်သည်များသဖြင့် အခန်း မလုံလောက်မှုများလည်း ရှိနေ ကြောင်း သိရသည်။
”ဧည့်သည်များတဲ့ လတွေမှာ တော့ ဈေးနှုန်းက နည်းနည်းတော့ မြင့်နေတယ်။ ဝန်ဆောင်မှုပိုင်းတော့ သေချာလုပ်ပေးထားပါတယ်။ လျှပ်စစ် မီး မရတာကြောင့် ကိုယ့်မီးစက်နဲ့ ကိုယ် လည်ပတ်ပေးရလို့လည်း ပါပါ တယ်”ဟု ကမ်းခြေဟိုတယ်ပိုင်ရှင် ဦးနိုင်ဝင်းက ပြောသည်။
ချောင်းသာဒေသ ဖွံ့ဖြိုးရေးနှင့် လျှပ်စစ်မီးရရှိရန်အတွက် ဆောင် ရွက်လျက်ရှိပြီး ၂ဝ၁၆ ခုနှစ်အတွင်း လျှပ်စစ်မီးရရှိနိုင်ရန် မျှော်မှန်းထား ကြောင်း၊ မီးရရှိပါက အခန်းခဈေးနှုန်း များလည်း ကျဆင်းနိုင်ကြောင်း သိရ သည်။
”မနှစ်က မိုးတွင်းမှာ ချောင်း သာကို သူငယ်ချင်းတွေ စုပြီးသွားကြ တယ်။ အခန်းခကလည်း ၆ဝ,ဝဝဝ တန် အခန်းကို ၃ဝ,ဝဝဝ လောက် ဈေးလျှော့ထားတယ်။ ကမ်းခြေမှာ လူရှင်းတော့ အေးအေးဆေးဆေးနဲ့ ဖြစ်လို့ မိုးတွင်း သွားလည်ရတာကို ကြိုက်ပါတယ်”ဟု ရွှေပြည်သာ မြို့နယ်တွင် နေထိုင်သူ မယဉ်ယဉ် က ပြောသည်။
ချောင်းသာ ကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ လိုင်စင်ရယူထားသော ဟိုတယ် ၂၂ လုံးနှင့် ရွာထဲတွင် ဖွင့်လှစ်ထားသော မိုတယ်၊ ဧည့်ရိပ်သာ စုစုပေါင်း ၃၁ လုံး ရှိကြောင်း သိရသည်။
Credit: thetradetimes