အိမ်ရာစီမံကိန်း များတွင် တိုက်ခန်းတန် ဖိုးများ ယခုထက် လျော့နည်းစေရန် အတွက် ၀န်ကြီးဌာနချင်း ချိတ်ဆက် ဆောင်ရွက်နိုင်မည့် မြို့ပြ ဆိုင်ရာ ဥပဒေအား ရေးဆွဲလျက်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သတင်းရရှိသည်။ အဆိုပါ ဥပဒေပေါ် ထွက်လာ ပါက ဌာန အချင်းချင်း လိုအပ်သလို စီမံခန့်ခွဲ ဆောင်ရွက်ရမည့် အခြေခံစံနှုန်းများ ပါရှိမည် ဖြစ်ကာ ယခု အစိုးရ သက်တမ်း အတွင်း လွှတ်တော်သို့ တင်သွင်းရန် ရှိကြောင်း သိရသည်။
ဒီဥပဒေရေးဆွဲဖို့ အတွက် ကျွန်တော်တို့ဌာနက အဓိက ဦးဆောင် တာပေါ့။ ဒါကို လက်ရှိ လွှတ်တော်မှာ တင်သွင်း နိုင်ဖို့ ဆောင်ရွက်နေ ပါတယ်။ မူကြမ်း အထိ ပြီးပါပြီ။ လူကြီးတွေ စိစစ်ပြီးတာနဲ့ တင်နိုင်မှာပါ ဟု မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်း အိမ်ရာ စီမံကိန်း တာဝန်ခံ ဦးယုခိုင်က ပြောသည်။ ထို့ပြင် အခြေခံ မူဝါဒဖြင့် ၀န်ကြီးဌာန တစ်ခုချင်း အလိုက် ၀န်ထမ်း အိမ်ရာများ တည်ဆောက်မှုရှိ သကဲ့သို့ ဌာနပိုင်မြေ နေရာများ ပိုင်ဆိုင်မှု၊ ဆက်စပ် လုပ်ငန်းများ အပေါ် အခြေတည်ကာ ပူးပေါင်း ဆောင်ရွက်ရမည့် သတ်မှတ်ချက်များ ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ကျွန်တော်တို့အနေနဲ့ အခုလက်ရှိမှာလည်း ပူးပေါင်း ဆောင်ရွက်တာ မျိုးတော့ ရှိပါ တယ်။ သို့သော်လည်း ဥပဒေကြောင်း အရ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်နိုင်ရင် ပိုပြီးတော့ အချိတ်အဆက်မိ တာပေါ့ ဟု အလုပ်သမား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က သုံးသပ် ပြောသည်။ လက်ရှိအခြေအနေတွင် ပြည်သူလူထု အတွက် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ တည်ဆောက်ရာတွင် တစ်ပေပတ်လည်လျင် (အလုပ်သမား စရိတ်မပါ) ငွေကျပ်နှစ်သောင်း ကျပ်ကျသင့်ကာ တစ်ယူနစ်လျှင် ကျပ်သိန်း (၇၀) အထိ ကုန်ကျကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ထံမှ သိရသည်။
အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသော တန်ဖိုးနည်း အိမ်ရာ တိုက်ခန်းများမှာ ကျပ်သိန်း တစ်ရာနှင့် အထက် ရှိနေသောကြောင့် အခြေခံ ပြည်သူများ အနေဖြင့် လက်လှမ်းမမီ ဖြစ်လျက်ရှိပြီး၊ ၎င်းထက် လျော့နည်းသည့် နှုန်းထားဖြင့် ဆောင်ရွက်ပေး သင့်ကြောင်း သုံးသပ် ပြောဆိုမှု များလည်း ရှိနေသည်။
Credit: messenger