ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ဘဏ်ခွဲများ ဖွင့်၍ ချေးငွေ ထုတ်ချေးကာ အိမ်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ဘဏ်များ ဖွင့်လှစ်ရာတွင် ဆောက်လုပ်ရေး လုပ်ငန်းများ အများဆုံး ဆောင်ရွက်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဦးစားပေး ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် တန်ဖိုးသင့် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်မည့်သူ များအား ချေးငွေ ထုတ်ပေးခြင်းနှင့် ၀င်ငွေ အာမခံချက် ရှိသူ များအား အိမ်ဝယ် နိုင်ရန် ချေးငွေများ ထုတ်ချေးလျက် ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုရေးဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။
နောက်ထပ် ဘဏ်ခွဲတွေ ဖွင့်ဖို့ကိုတော့ ပုသိမ်၊ မော်လမြိုင်၊ တောင်ကြီးမြို့တွေမှာ ဖွင့်ဖို့ စီစဉ်ထား ပါတယ်။ အဲဒီဘဏ်တွေကို ဒီ ၂၀၁၅ အတွင်း မှာတော့ အပြီးသတ် ဖွင့်သွားမှာပါ။ နောက်ပြည်နယ်နဲ့ တိုင်း (၁၄) ခုစလုံး မှာလည်း ဘဏ်ခွဲတွေ ဖွင့်သွား မှာပါ ဟု ညွှန်ကြားရေးမှူး ဦးဝင်းဇော် က ပြောသည်။
အိမ်ရာ ၀ယ်လိုသူများအား ချေးငွေ ထုတ်ပေးခြင်းနှင့် တန်ဖိုးသင့် ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ချေးငွေ ထုတ်ပေးရာတွင် လတ်တလော၌ ဂျပန်နိုင်ငံမှ ချေးငွေ ရရှိ ထားပြီး တရုတ်၊ ကိုရီးယား၊ မလေးရှား စသော နိုင်ငံများနှင့်လည်း ချိတ်ဆက်ကာ ချေးငွေ ရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ချေးငွေ ကိစ္စ ဆောင်ရွက်ခြင်းအား ၂၀၁၅-၁၆ ဘဏ္ဍာရေး နှစ်တွင်သာ အကောင်အထည်ဖော် နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ များတွင် ဘဏ်ခွဲလေးခု ဖွင့်လှစ်ကာ အိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
Credit: messenger