အမျိုးသားမြေ အသုံးချမှု မူဝါဒ (မူကြမ်း)ပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်း များသည် လက်တွေ့တွင် အိုးမဲ့အိမ်မဲ့များ အတွက် လက်လှမ်းမမီ နိုင်ဘဲ ငွေရှင်ကြေးရှင်များ၏လက်ဝယ် ဈေးကစားစရာ အဖြစ်သာရှိ နေကြောင်း၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းလယ်ယာစီးပွားနှင့် တောင်သူလယ်သမား ရေးရာဌာနက ကြေညာချက်တစ်စောင်ကိုယမန်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်၌ အမျိုးသား မြေ အသုံးချမှု မူဝါဒ (မူကြမ်း)တွင် အိုးမဲ့အိမ်မဲ့ များ၏ နေရေး၊ ထိုင်ရေး ပြဿနာကိုလက်တွေ့ဖြေရှင်းပေး နိုင်မည့်အစီအစဉ်များ ဖော်ပြ မထားကြောင်း ထုတ်ပြန် ခဲ့သည်။
မြေယာခွဲဝေအသုံးချမှုစိစစ် ဆောင်ရွက်ရေး ကော်မတီက ဆောင်ရွက်ခဲ့သည့် အမျိုးသားမြေ အသုံးချမှု မူဝါဒ (မူကြမ်း) သည် အောက်တိုဘာလ အတွင်းက ထွက်ရှိခဲ့ပြီး ယင်းမူဝါဒ (မူကြမ်း)၏ အားနည်းချက် များနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းတွင် ၈၈ လယ်ယာစီးပွားနှင့် တောင်သူလယ်သမားဌာနမှယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။
ဒီမူကြမ်းထွက်လာတာဘယ်အချိန်မှာဘယ်သူတွေက ရေးဆွဲတယ် ဆိုတာကို ကျွန်တော်တို့ ဂဃနဏမသိပါဘူး။ မြေယာ ဥပဒေဟာ နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေလိုပဲအရေးကြီးတဲ့ အတွက် ကျွန်တော်တို့လက်လွတ်စပယ်အဖြစ်မခံနိုင် ပါဘူး။နိုင်ငံရဲ့လူဦးရေ(၇၅)ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေ ဖြစ်တဲ့အတွက် မြေယာဥပဒေဟာအရေးကြီးပါတယ် ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ လယ်ယာ စီးပွားနှင့် တောင်သူ လယ်သမား ရေးရာဌာန တာဝန်ခံ ဦးထွန်းမြင့်အောင်က မီဒီယာ များကို ပြောသည်။
အမျိုးသားမြေ အသုံးချမှု မူဝါဒ (မူကြမ်း) အား ပြည်သူသို့ သတင်းစာ ရေဒီယိုများမှ တင်ပြ ဆွေးနွေးခြင်း မပြုဘဲ၊ လူအများစု လက်လှမ်းမမီ နိုင်သည့် အင်တာနက် Website တွင်သာတင်ထားခြင်းနှင့်လူထုအကြံရယူရန်အတွက်ဆိုကာ နိုင်ငံတ၀န်း ဆွေးနွေးပွဲ များကို ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုလျှင် တစ်ရက်နှုန်းဖြင့် ပြီးလွယ် စီးလွယ် ကျင်းပမည် ဆိုသည့်အချက်သည်သက်ကယ်ချောင်းနှင့် ခေါင်းလောင်းထိုးရာ ရောက်ပြီး မရိုးသားသည့်ဟန်ပြလုပ်ရပ်သာ ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အမျိုးသား မြေယာ အသုံးချ မှု မူဝါဒ(မူကြမ်း)တွင် အားနည်းချက်များ အဖြစ် နှစ်ပေါင်း (၂၀) ကျော်န၀တ-နအဖ စစ်အစိုးရ ခေတ်တလျှောက်လုံးအာဏာရှိသူများနှင့်ခရိုနီခေါ် စီးပွားရေး သောင်းကျန်း သူများက လက်ဦးမှုယူ မတရား သိမ်းပိုက်ထားသည့် မြေယာ ပြဿနာများ၊ သယံဇာတ ထုတ်ယူ သုံးစွဲမှုဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍မည်သို့ ဖြေရှင်းရမည် ဆိုသည့် ဖော်ပြချက် တစုံတရာ မပါရှိခြင်း၊တိုင်းရင်းသား လူမျိုးများ၏ရိုးရာမြေအသုံးချမှုအခွင့်အရေးများအားထည့်သွင်းထား သော်လည်းလက်တွေ့တွင်အစိုးရ၌စစ်မှန်သည့်ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု မူ မရှိခြင်း၊ ငြိမ်းချမ်းရေး မတည်ဆောက် နိုင်ခြင်း၊ဗဟိုချုပ်ကိုင်မှုများလွန်း သောကြောင့်လက်တွေ့မဖြစ်နိုင်ခြင်း၊လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့များ၏တပ်ဧရိယာသက်မှတ်မှုအပါအ၀င်အကြောင်းမျိုးစုံပြ၍ ဒေသခံများ၏ လယ်ယာမြေများ သိမ်းပိုက်ထားမှုနှင့်ပတ်သက်၍ မည်သို့ ဖြေရှင်း ဆောင်ရွက်ရမည်၊ထပ်မံသိမ်းဆည်းခံရခြင်း မဖြစ်ရအောင် မည်သို့ အကာအကွယ်ပြု ရမည် ဆိုသည်ကို တိကျရေရာစွာ ဖော်ပြမထားခြင်းအပါအ၀င် မြေယာဥပဒေ၏ အားနည်းချက် အချက် ခြောက်ချက်အား ဖော်ပြထားသည်။
Credit : Messenger News journal