ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဆောက်အုံအဖြစ် သတ်မှတ်ခဲ့ပြီး အသစ်ပြန်လည် ဆောက်လုပ်နိုင်ခြင်းမရှိသည့် အဆောက်အအုံ၈ဝ ကျော်ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ သိရသည်။
ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဆောက်အအုံများအဖြစ် စတင်သတ်မှတ်ခဲ့စဉ်ကတည်းက ယခုအအချိန်အထိ စုစုပေါင်းအဆောက်အအုံ ၁၇ဝဝ ကျော်ကို သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းအထဲတွင် ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့်အဆောက်အအုံ ၈ဝ ကျော် ကျန်နေခြင်းဖြစ်သည်။ ယင်းအဆောက်အအုံ ၈ဝ ကျော်ထဲမှ အချို့အဆောက်အအုံများမှာ အန္တရာယ်ရှိအဖြစ် စတင်သတ်မှတ်ပြီး ဖြိုဖျက်စဉ်ကတည်းက အဆောက်အအုံသစ်ကို တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်း အပြီးဆောက်လုပ်ပေးမည်ဟု ပြောကြားခဲ့ကြသော်လည်း လက်တွေ့တွင်မူ လေးနှစ်ကျော်ကြာသည်အထိ မပြီးစီးမှုများလည်း ရှိနေကြောင်း အဆိုပါအဆောက်အုံများတွင် နေထိုင်သူများထံမှ သိရသည်။
“ဦးတို့ အဆောက်အအုံကို ၂ဝ၁ဝ ပြည့်နှစ်ကတည်းက အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့တာ။ အဲဒီတုန်းက နှစ်နှစ်အတွင်း အပြီးဆောက်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အခုလေးနှစ်ကျော်လောက်ရှိနေပြီ မပြီးသေးဘူး။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာမှာ အပြီးဆောက်မယ်လို့ စာချုပ်ချုပ်ထားတယ်။ အခုအဆောက်အအုံက မြေကြီးတူးတဲ့အဆင့်ပဲရှိသေးတယ်။ သူတို့ဘာလို့ မပြီးသေးတာလဲလို့ မေးကြည့်တော့ ရေရေရာရာပြောတာ မရှိသေးဘူး။
အိမ်ငှားခတော့ရပေမယ့် ဦးတို့က မူလအဆောက်အအုံမှာပဲ ပြန်နေချင်ပါပြီ” ဟု ဆူးလေဘုရား လမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံတစ်ခုမှ မူလနေထိုင်သူတစ်ဦးက ပြောကြားသည်။ ထို့ပြင် အချို့အန္တရာယ်ရှိ အဆောက်အအုံများမှာ အသစ်ပြန်လည် ဆောက်လုပ်နေသည့် ကာလအတွင်း ပြောင်းရွှေ့နေထိုင်ရသည့် မူလပိုင်ရှင်များအား အိမ်ငှားခမပေးခြင်းကြောင့် နှစ်ကာလကြာရှည်စွာ အိမ်ငှားနေထိုင်သူများ အခက်အခဲများ တွေ့နေရသည်ဟု ဆိုကြသည်။
အန္တရာယ်ရှိ အဆောက်အအုံများနှင့် ပတ်သက်၍ ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေရှင်မရှိသည့် အဆောက်အအုံများအတွက် ယာယီမြေရှင်ပြုလုပ်၍ အဆောက်အအုံ နေထိုင်သူများနှင့် အဆောက်အအုံအား အသစ်ပြန်လည်ဆောက်လုပ်မည့် ကန်ထရိုက်တို့အား ညှိနှိုင်းပေးခဲ့သော်လည်း ယခုနောက်ပိုင်း ညှိနှိုင်းပေးမှု မပြုလုပ်တော့ကြောင်း၊ နေထိုင်သူများနှင့် ကန်ထရိုက်သာ အဆင်ပြေအောင် ညှိနှိုင်းရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆောက်အအုံ အမြန်ပြီးစီးရန်မှာ အိမ်ရှင်များနှင့် ကန်ထရိုက်များသာ ပြေလည်အောင် ညှိနှိုင်းရမည်ဖြစ်ကြောင်း၊ အချို့အဆောက်အအုံများမှာ အိမ်ရှင်နှင့်ကန်ထရိုက် မပြေလည်မှုများကြောင့် ကြန့်ကြာနေကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ ထိုသို့ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အများဆုံးဖြစ်ပြီး ကျောက်တံတား၊ ပန်းပဲတန်း၊ လသာမြို့နယ်များတွင်လည်း အများအပြားရှိသည်ဟု သိရသည်။
Credit : Eleven