မတရားသဖြင့် ရထားတဲ့ပိုက်ဆံတွေကို ငွေဖြူဖြစ်အောင်လုပ်တဲ့သူ၊
မူးယစ်ဆေးနဲ့ ကျောက်မျက်ရတနာလုပ်ငန်းလုပ်သူ၊ လာဘ်ပေးလာဘ်ယူသူတွေနဲ့
နည်းလမ်းမမှန်ဘဲ မြေတွေစုပြုံသိုလှောင်ထားလို့
မြန်မာပြည်မြေဈေးမြင့်တက်နေတာဖြစ်တယ်လို့ အိမ်ခြံမြေဘယ်လဲဘာလဲ
ဆွေးနွေးပွဲမှာ ဦးသိန်းလှညိုက ထောက်ပြခဲ့ပါတယ်။ မြေဈေးကြီးနေတာ
ရပ်သွားအောင် ဘာတွေလုပ်ဖို့လိုမလဲ။
နေဖို့ဝယ်တာမဟုတ်တဲ့ မြေတွေကို သေသေချာချာ စိစစ်ထိန်းချုပ်လိုက်ပြီး
ခိုင်မာတဲ့ အသေးစားအလတ်စား လုပ်ငန်းတွေမှာ ပြောင်းရွှေ့လုပ်ကိုင်ကြရင်
အိမ်ခြံမြေမှာ စုပြုံပြီး မြှုပ်နှံကြတာ အလိုလိုရပ်သွားမယ်လို့အိမ်ခြံမြေဈေးနှုန်း
မြင့်တက်နေတဲ့အပေါ် စိုးရိမ်ပူပန်လာပြီး အဖြေတစ်ခု ရှာကြဖို့ ဟောပြောဆွေးနွေးပွဲမှာ
ဦးသိန်းလှညိုက ပြောခဲ့ပါတယ်။ မြန်မာပြည်မှာ အိမ်ခြံမြေဈေးတွေ ကြောက်ခမန်းလိလိ မြင့်တက်နေတာဟာ
အောက်ခြေနဲ့ လူလတ်တန်းစားတွေအထိ အကြီးအကျယ်ထိခိုက်နေပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကိုလည်း ထွက်သွားစေတဲ့အဖြစ်မျိုး
ရင်ဆိုင်နေတဲ့အကြောင်း၊ ဒီပြဿနာကို စုပေါင်းဖြေရှင်းကြဖို့
အဖြေရှာဖို့လိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
iMyanmarHouse.com က ကြီးမှူးစီစဉ်တဲ့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဘာလဲ၊
ဘယ်လဲဆိုတဲ့ ဟောပြောပွဲကို အောက်တိုဘာ ၂၉ရက်နေ့ UMFCCI မှာ ကျင်းပခဲ့ပြီး
နိုင်ငံစီးပွားရေးနဲ့ အိမ်ခြံမြေလောက၊ ဂျပန်နဲ့မြန်မာတို့ရဲ့ အိမ်ခြံမြေ၊
အိမ်ခြံမြေ ရောင်းမှားဝယ်မှားနဲ့ အိမ်ခြံမြေအနာဂတ် စိန်ခေါ်မှုများဆိုတဲ့
ခေါင်းစဉ်တွေနဲ့ သက်ဆိုင်ရာကျွမ်းကျင်သူတွေက ဟောပြောခဲ့ကြပါတယ်။
ကြည့်မြင်တိုင်တစ်ဖက်ကမ်း တွံတေးဘက်က ဧက ၃သောင်းကျော်ပေါ်မှာ
ရန်ကုန်မြို့သစ် တည်ဆောက်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရဟာ
အိမ်ခြံမြေဆိုင်ရာ တိကျတဲ့မူဝါဒမရှိတဲ့အပေါ် ထောက်ပြခဲ့သူက
iMyanmarHouse.com က ဦးနေမင်းသူပါ။ မြန်မာ့အိမ်ခြံမြေပူပေါင်းကြီး
ဘယ်တော့ပေါက်ထွက်သွားမလဲဆိုတာ စောင့်မျှော်နေရတော့တယ်လို့ ပြောပါတယ်။
မြန်မာပြည်မှာ တိုက်ခန်းပေါင်း တစ်နှစ်ကို တစ်သိန်းကျော် လိုအပ်နေပေမယ့်
ပုဂ္ဂလိကဆောက်လုပ်ရေးက တစ်နှစ်ကို တစ်သောင်းဖြစ်နေလို့
ကွာဟချက်သိပ်ကြီးမားနေတဲ့အကြောင်း၊ တန်ဖိုးနည်းအိမ်ရာကိစ္စ အစိုးရအနေနဲ့
တိကျတဲ့မူဝါဒနဲ့ အောက်ခြေနဲ့ လူလတ်တန်းစားတွေ တတ်နိုင်တဲ့ဈေးနှုန်းတွေနဲ့
နေနိုင်အောင် ဆောင်ရွက်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Credit: Kamayut Media