ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၄) နယ်မြေရှိ ပြည်တော်သာ အိမ်ရာ စီမံကိန်းကို အပြီးသတ် ရပ်ဆိုင်းပေးရန် အဆိုပါ အိမ်ရာနေ ပြည်သူများက တောင်းဆို လိုက်သည်။ ယမန်နေ့က သင်္ဃန်းကျွန်း မြို့နယ် သုမင်္ဂလာ လမ်းရှိ (၈၈) ကျောင်းသားများ ရုံးခန်းတွင် ပုသိမ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဆောင်၍ ပြည်တော်သာ အိမ်ရာနေ ပြည်သူများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ဂရု(ပ်) ဆောက်လုပ်ရေး ကန်ထရိုက်နှင့် ဧရာဝတီတိုင်း အိုးအိမ် ဦးစီးဌာနတို့ အကျိုးတူ ပူးပေါင်း ဆောက်လုပ်မည့် ပြည်တော်သာ အိမ်ရာ စီမံကိန်းတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း လေလံ ခေါ်ယူခြင်းနှင့် ပြည်တော်သာ အိမ်ရာနေ ပြည်သူများကို ကြိုတင် အကြောင်းကြားခြင်း မရှိခြင်း၊ ပြည်တော်သာကို ပြည်သူ့ အိမ်ရာမှ ၀န်ထမ်း အိမ်ရာ အဖြစ် ပြောင်းလဲ သတ်မှတ်ခြင်းတို့ အပေါ် အဆိုပါ အိမ်ရာနေ မိသားစုများက ကျေနပ်မှု မရှိသော ကြောင့် စီမံကိန်းကို ရပ်ဆိုင်းပေးရန် ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ပြည်တော်သာ အိမ်ရာက ၁၉၅၈ ပါလီမန်မှာ အတည်ပြုထားတဲ့ ပြည်သူ့ အိမ်ရာကို ဖျက်ပြီး အသစ်ဆောက်မယ် ဆိုရင်တောင် တိုင်းဒေသကြီး ကလုပ်လို့ မရဘူး။ ၀န်ကြီးလည်း လုပ်လို့ မရဘူး။ နိုင်ငံတော်သမ္မတက လုပ်ဆောင်ရမှာ။ လုံးချင်းတွေ ဆောက်ပြီး ရောင်းရတယ်။ ပိုက်ဆံတွေကို နိုင်ငံတော် ဘက်ဂျက်ထဲ ရောက်မှာလား၊ ဘယ်ကို ရောက်မှာလဲ ဟု အဆိုပါ အိမ်ရာတွင် နေထိုင်သည့် အငြိမ်းစား ၀န်ထမ်းဟောင်း ဦးမောင်မောင်က ပြောသည်။
(၂၆ ဒသမ ၃၁၂) ဧက အကျယ်ရှိသည့် ပြည်တော်သာ အိမ်ရာကို နှစ်နှစ်အတွင်း အပြီး တည်ဆောက် သွားရန် လုပ်ငန်းများ စတင်နေပြီး တိုက်ခန်းပေါင်း (၄၄၄) ခန်းခန့်နှင့် ပေ (၆၀) ပတ်လည် လုံးချင်းတိုက် (၇၀) လုံးပါ ရှိမည်ဟု တိုင်းအိုးအိမ် ဦးစီးဌာန၏ မှတ်တမ်း များတွင် ဖော်ပြ ထားကြောင်း သိရသည်။ လုံးချင်းအိမ် ၀ယ်ယူမည့် သူများကို ဂရန် ထုတ်ပေးမည် ဖြစ်ပြီး၊ အိမ်ရာ စီမံကိန်း၊ ဆောက်လုပ်ခြင်း အတွက် ကုန်ကျစရိတ် ကျပ်သိန်း (၆၀၀၀၀) ရှိမည်ဟု အိုးအိမ်ဦးစီးဌာနက ပြောဆို ထားသည်။
တကယ်လို့ လုပ်ငန်းစတော့မယ် ဆိုရင် ပြည်သူကို ချပြရမယ်။ ဒီနေရာမှာ နေတဲ့ သူတွေက လက်ခံမယ် ဆိုရင် ကန်ထရိုက် ခေါ်မယ်။ ကန်ထရိုက် ခေါ်တဲ့ အချိန် တင်ဒါခေါ် ပြီးတော့ ဒီတစ်ဦးတည်း မဟုတ်ဘဲ ကျန်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ပါဝင် လာအောင် လုပ်ရမယ်။ ဒီအပေါ်မှာ ကောင်းခြင်း၊ ဆိုးခြင်း တွေးပြီး လုပ်သင့်တယ်လို့ ထင်တယ်။ ဒီလိုလုပ် မသွားဘဲ သူတို့ အကျိုးစီးပွား ရှာသွားတယ် ဆိုတဲ့ သံသယ ဖြစ်ဖွယ်ရာ မြင်နေကြ တယ် ဟု ပုသိမ် မြို့နယ် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးက ပြောသည်။ ပြည်တော်သာ အိမ်ရာ စီမံကိန်းသည် ၁၉၅၀-၅၁ ခုနှစ်ကို လံဘို စီမံကိန်း ဖြစ်ပြီး နိုင်ငံခြား အကူအညီဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင် ပြည်တော်သာ အိမ်ရာ စီမံကိန်းအား တစ်နိုင်ငံလုံး တွင် (၄၆)နေရာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
Credit: Messenger