မြို့ဒဂုန်တိုင်း ရန်ကုန်၏သမိုင်းအစ လက်လှမ်းမီသမျှ
ယခုအခြေအနေအရ ရန်ကုန်မြို့နယ်နိမိတ်အကျယ်အ၀န်းသည် ၃၀၆စတုရန်းမိုင်အထိ ရှိနေပြီဖြစ်ပြီး ဆက်လက်ချဲ့ထွင်မည့်ရန်ကုန်မြို့သစ်စီမံကိန်း ခုနစ်ခု မပါဝင်သေးပေ။
ရန်ကုန်သည်ယခုအနေအထားအရ စီးပွားရေးမြို့တော်ဖစ်နေသော်လည်းလွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ခန့်က ဆိုလျှင် ဥက္ကလာပဇနပုဒ်ဟုခေါ်တွင်သောရွာသိမ်ဂွာငယ်လေးသာဖစ်ချေ၏။ ဇနပုဒ် ဟူသော နာမပညတ်သည်ပင်လျှင်သေးငယ်သိမ်နုပ်ခြင်းကို ကိုယ်စားပြုနေသည့် နိမိတ်ပုံတစ်ရပ်ဖြစ်နေသည်။
သို့သော်မန်မာတို့လူ့အဖွဲ့အစည်းအတွင်းနားယဉ်စွဲမြဲနေပြီဖြစ်သည့် ရွှေတိဂုံစေတီသမိုင်းမှ သိကြားမင်းနှင့်မယ်လမုတို့သား ဥက္ကလာပမင်းကြီး မင်းပြုစိုးစံရာ
သိကြားဖန်ဆင်းသည့်မြို့တော် အသိတဉ္ဇနနဂိုရ်ဟူသော အမည်ဖြင့်မင်းနေပြည်တော်ဖြစ်ခဲ့ဖူးသည်။
ထိုနေပြည်တော်မှ မဇ္ဈိမဒေသသို့ ကုန်သွယ်သောကုန်သည်ညီနောင်မှတစ်ဆင့် ရွှေတိဂုံစေတီတော်ကြီးကိုတည်ခဲ့သည့်အကြောင်းမှာမြန်မာဗုဒ္ဓဘာသာဝင်တိုင်း သိပြီးဖြစ်ရကားအထူးမပြောလိုတော့ပြီ။ အသိတဉ္ဇနနဂိုရ်ဟူ၍သိကြားဖန်ဆင်းသောမြို့တော်ဖြစ်သော်လည်းမင်းနေပြည်တော်အရိပ်အယောင်များကွင်းကျန်ရစ်ခြင်းမရှိသည့်တိုင်ကမ္ဘာကအသိအမှတ်ပြုရသော
ရွှေတိဂုံစေတီတော်ကမူအထင်အရှားသက်သေပြုလျက်။
အသိတဉ္ဇနနဂိုရ်ဟူသော မင်းနေပြည်သည် သမိုင်းမတင်မီခေတ်ကဖြစ်၍အထောက်အထားမခိုင်လုံဟု စောဒကတက်ဖွယ်ရှိသည်။အထောက်အထားခိုင်လုံ၍ မှတ်တမ်းမှတ်ရာခိုင်လုံသော မှတ်တမ်းများအရရန်ကုန်မြို့ကို ခရစ်နှစ် ၁၃၀၀ပည့်လောက်ကတည်းက ဒဂုံမြို့ဟုခေါ်တွင်ခဲ့ကြောင်း သိရသည်။ ပုဂံခေတ်နှင့် အင်းဝခေတ်တို့တွင်
ပုဂံမင်းများ၊ အင်းဝမင်းများ၏ အမှုထမ်းများသည် ဒလတောကြီးထဲ၌ဆင်ဖမ်းရန်အတွက်သော်လည်းကောင်း၊ ရာဇမာန်အရှခံရသူများကိုနယ်နှင်ဒဏ်ပေးရန်အတွက်သော်လည်းကောင်း ဒလသို့လာရောက်ခြင်းပြုကြသည်။
ထိုသို့လာရောက်ရင်းရွှေတိဂုံစေတီတော်ကို သွား၍ဖူးမြော်ခြင်းမှအပဒဂုံမြို့သို့အကြောင်း
ကိစ္စထွေထွေထူးထူးဖြင့်သွားလာခြင်း မရှိခဲ့။ ထို့ကြောင့်
ရှေးမြန်မာမင်းများလက်ထက် မှတ်တမ်းမှတ်ရာများတွင် ဒဂုံမြို့အကြောင်းပါဝင်ခြင်းမရှိခဲ့။ သို့သော် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ခန့်က မွန်ဧကရာဇ်
ရာဇဓိရာဇ်၏သမီးတော် ဘုရင်မကြီးရှင်စောပု၊ သူ၏သမက်ဓမ္မစေတီမင်း၊တောင်ငူဘုရင်များဖြစ်ကြသည့် တပင်ရွှေထီးနှင့်ဘုရင့်နောင်တို့လက်ထက်တွင် ရွှေတိဂုံဆံတော်ရှင်စေတီတော်အားကြည်ညိုသပ္ပါယ်ရန်နှင့် မွမ်းမံပြင်ဆင်ရန်ကွရောက်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းများတော့ ရှိခဲ့ဖူးသည်။
ထိုစဉ်ကအနေအထားများကို ခန့်မှန်းကြည့်ခြင်းဖြင့် ဒဂုံသည်ကျေးရွာအဆင့်မျှလောက်သာရှိကြောင်း
သိနိုင်သည်။
ဒဂုံ မှသည် ရန်ကုန် ဟု အမည်ပြောင်းခေါ်တွင်စေသူမှာကုန်းဘောင်မင်းဆက်ကိုထူထောင်သကဲ့သို့ တတိယမြန်မာနိုင်ငံတော်ကိုစုစည်းတည်ထောင်နိုင်ခဲ့သူ အလောင်းမင်းတရားဦးအောင်ဇေယျဖြစ်သည်။
အင်းဝမှ ညောင်ရမ်းမင်းဆက်ကိုဖြိုချခဲ့သော မွန်တို့အား ရွှေဘိုမှဦးအောင်ဇေယျတို့မြန်မာတပ်များက လိုက်လံတိုက်ခိုက်ရာ မွန်တို့မခံနိုင်ဘဲ
ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းပြေးရာထက်ကြပ်မကွာလိုက်လံတိုက်ခိုက်ရင်း ဒဂုံသို့အရောက် မွန်တို့ရန်ကိုအပြီးတိုင်ချေမှုန်းနိုင်ခြင်းအပေါ် အတိတ်နိမိတ်ယူ၍ ရန်အပေါင်းကုန်ရာရန်ကုန်ဟု သမုတ်ခဲ့သည်။
ထိုသို့ အမည်ပြောင်းခဲ့သောအချိန်မှာ ခရစ်နှစ် ၁၇၅၅ခုနှစ်။ အလောင်းမင်းတရားသည်မွန်တို့ကိုအပြီးတိုင်နှိမ်နင်းပြီးဖြစ်သော်လည်းတန်ပြန်လာနိုင်သည့်အကြောင်းကို မျှော်တွေးပြီး မိမိအား မွန်တို့ပုန်ကန်ထကြွခြင်းမပြုနိုင်စေရန်၊ အကယ်၍ ပုန်ကန်ခဲ့လျှင်လည်း
အလွယ်တကူသိရှိနှိမ်နင်းနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တစ်ဖြစ်လဲဒဂုံမြို့ငယ်ကို သစ်တပ်မြို့အဖြစ် ပြောင်းလဲဖွဲ့စည်းတည်ဆောက်ခဲ့သည်။
ထိုစဉ်ကရန်ကုန်မြို့၏အကျယ်အ၀န်းမှာ မြို့အရှေ့မျက်နှာစာသည်တောင်မှမြောက်သို့ အရှည် ကိုက် ၆၀၀ ခန့်၊ တောင်ဘက်မျက်နှာစာမှာအရှေ့နှင့်အနောက်သို့ အရှည် ကိုက် ၁၃၀၀ ခန့်၊မြောက်ဘက်မျက်နှာစာကား အရှေ့မှအနောက်သို့အရှည် ကိုက် ၁၁၀၀ ခန့်ရှိသော်လည်း အနောက်ဘက်မျက်နှာစာသည် တောင်မှမြောက်သို့ အရှည်
ကိုက် ၂၂၀ ခန့်သာ ရှိသည်။ ထိုအတိုင်းအတာများကိုကြည့်လျှင်အလောင်းမင်းတရားကြီးတည်ထောင်ခဲ့သည့် ဒဂုံသစ်တပ်မြို့သည်လေးထောင့်စပ်စပ်မဟုတ်ကြောင်း သတိပြုမိသည်။
ထိုခေတ်အထောက်အထားများအရ ကြည့်လျှင် ယခုရန်ကုန်မြို့၏အသည်းနှလုံးဟု တင်စားသော ဆူးလေစေတီတော်သည်သစ်တပ်မြို့၏အပြင်ဘက်တွင်ရှိနေကြောင်း သိနိုင်သည်။ မွန်တို့ရန်ကိုအပြီးတိုင်ချေမှုန်းခဲ့သော်လည်း အလစ်အငိုက်လုပ်ကြံမည့်မွန်တို့အန္တရာယ်ကို ကြိုတင်မျှော်တွေးကာ စီရင်ဆောက်လုပ်ခဲ့သည့်ရန်ကုန်သစ်တပ်မြို့သည် မြို့အင်္ဂါရပ်နှင့်ညီရန်ဟူသောအမြင်ထက် စစ်ရေး၊
ကာကွယ်ရေး အမြင် ပိုကဲစွာတည်ဆောက်ထားခဲ့သောမြို့ဖြစ်ကြောင်းခန့်မှန်းနိုင်သည်။
အလောင်းမင်းတရားသည် ထိုစဉ်ကရန်ကုန်မြို့ကိုဝန်းရံနေသည့်မစ်၊ ချောင်းတို့ကို ပင်တိုင်ထားလျက် လူလုပ်ကျုံးမြောင်းများ၏အပံ့အပိုးနှင့်အတူ ထူထပ်သော သဘာဝတောချုံများကိုအထောက်အကူယူ၍ သစ်တပ်မြို့ကိုတည်ထောင်ထားရှိခြင်းဖြစ်ရာ
အမြင်ပသာဓရှိရန်ထက် လုံခြုံရေးနှင့် အတားအဆီးပြုရေးအတွက်အဓိစဉ်းစားခဲ့ခြင်းဖြစ်ရန်များသည်။
သို့ဖြစ်ရာရန်ကုန်မြို့ကိုမှီတင်းနေထိုင်သူတို့အတွက် ဘ၀ရပ်တည်ရန်သက်သက်သာခိုလှုံကြရခြင်းကြောင့် နေချင့်စဖွယ်ကောင်းသောအရပ် မဖြစ်ခဲ့။မင်းတရားကြီးသည် ရန်ကုန်မြို့ငယ်ကို ကာကွယ်ခုခံရေးသဘောတရားဖြင့်ရှုမြင်တည်ထောင်ထားသဖြင့် မင်းတရားကြီး၏ ထီးရိပ်နန်းရာအတွက်အကျိုးဖြစ်ထွန်းသည်မှန်သော်လည်း မှီတင်းနေထိုင်ကြသူတို့အတွက်မူ
စက်ဆုပ်ငြီးငွေ့ဖွယ်ဖြစ်ကြောင်းရန်ကုန်မြို့ရှေးဟောင်းသမိုင်းကိုလေ့လာကြသည့် ပညာရှင်များကဖော်ထုတ်မှတ်ချက်ချခဲ့ကြသည်။
အလောင်းမင်းတရားသည် ရန်ကုန်သစ်တပ်မြို့ကိုတည်ပြီးနောက် မြို့ဝန်၊စစ်ကြပ်၊ စစ်ကဲ စသော မင်းမှုထမ်းများ ခန့်အပ်တာဝန်ပေးထားကာ
အုပ်ချုပ်ရေးရုံးဌာနများဖွင့်လှစ်ဆောင်ရွက်စေခဲ့သည့်အလျောက်မြို့တွင်းတွင် မြို့ဝန်၊ စစ်ကြပ်၊ စစ်ကဲတို့၏ ရုံးအဆောက်အအုံများ၊
နေအိမ်အဆောက်အအုံများ ခမ်းခမ်းနားနားရှိသော်လည်း အများအားဖြင့်မြို့နေလူတန်းစားများ၏နေအိမ်များမှာ ဆင်းရဲနုံချာမှုအတိဖြင့်သာ ရှိသည်။
ရန်ကုန်မြစ်နှင့်နီးကပ်သည့်အပြင် ကာကွယ်ရေးသဘောတရားအရရေပတ်လည်ဝိုင်းအောင်ပုပြင်စီရင်ထားခြင်းကြောင့်ကျွန်းတစ်ခုသဖွယ်ဖြစ်နေသော ရန်ကုန်သစ်တပ်မြို့သည်
မြစ်ရေတက်လာသည့်အခါ အိမ်ကြမ်းပြင်အထိ ရေတက်လာပြီးမိုးများသောအချိန်တို့တွင်မစ်ရေကြီးပါက အမ့်ကြမ်းပြင်သည်ပင်ရေမြုပ်ကာ ရေပြန်ကျသွားချိန်တွင် ရွှံ့ဗွက်များအတိဖြစ်ကျန်ခဲ့သည်။
အလောင်းမင်းတရား၏သားတော် ကုန်းဘောင်နန်းတတိယပြည့်ရှင်ဆင်ဖြူရှင်လွန်သောအခါ ဆင်ဖြူရှင်၏သားတော် စဥ့်ကူးမင်း နန်းတက်၏။
နန်းတက်ပြီးသုံးနှစ်အကြာတွင် ရန်ကုန်သို့စုန်ဆင်းပြီးရွှေတိဂုံစေတီတော်အား ဖူးမြော်ကြည်ညိုကာခေါင်းလောင်းတော်ကြီးတစ်လုံး သွန်းလုပ်တော်မူလျက်မဟာဃဏ္ဏခေါင်းလောင်းတော်ဟု သမုတ်၍ ရွှေတိဂုံဆံတော်ရှင်စေတီတော်၌ လှူဒါန်းခဲ့ရာ ထိုခေါင်းလောင်းသည်စဥ့်ကူးမင်းခေါင်းလောင်းအဖြစ် ယနေ့တိုင်အမည်သတင်းထင်ရှားလျက်ရှိသည်။
ကုန်းဘောင်မင်းဆက်ခြောက်ဆက်မြောက်ဖြစ်သည့် ဘိုးတော်ဘုရားလက်ထက်တွင်
ကျွန်ရင်းတစ်ဦးဖြစ်သည့် ဦးကျော်ရွေးအားရန်ကုန်မြို့ဝန်အဖြစ်စေလွှတ်အုပ်ချုပ်စေရာ မြို့ဝန်ဦးကျော်ရွေးသည်သစ်တပ်မြို့ကို ကောင်းစွာပြုပြင်ရုံမျှမကရွှေတိဂုံစေတီတော်အရှေ့ဘက်မှ ကန်ကြီးကိုမင်္ဂလာကန်တော်အဖြစ်သမုတ်ကာ လှေသဘင်ပွဲများကျင်းပစေခဲ့သည်။
ဘိုးတော်ဘုရားလွန်၍ နန်းတက်လာသော ဘကြီးတော်ဘုရားလက်ထက်တွင်အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားခဲ့ရာ ရန်ကုန်မြို့ကိုအင်္ဂလိပ်တို့အောင်နိုင်သည့်အခါ ရွှေတိဂုံစေတီတော်သို့လှူဒါန်းသောစဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးကို အင်္ဂလိပ်တို့ကအမြောက်သွန်းလုပ်ရန် သင်္ဘောဖြင့်သယ်ဆောင်သွားချိန်လှိုင်မြစ်တွင်းသို့ကျကာ နစ်မြုပ်ခဲ့ပြီး စစ်ပြီးသောအခါမှ
ပြန်လည်ဆယ်ယူလျက် စေတီတော်မူလနေရာသို့ပြန်လည်ပို့ဆောင်နိုင်ခဲ့သည်။ ဘကြီးတော်မင်းလွန်၍ နန်းတက်သောသာယာဝတီမင်းလက်ထက်တွင် ရန်ကုန်သစ်တပ်မြို့ကိုဖြိုဖျက်ကာမြို့သစ်တည်သည်။
ရွှေတိဂုံစေတီတော်ကို မြို့ထောင့်နေရာတွင်ထား၍မြို့သစ်ဖော်ထုတ်ခြင်းဖြစ်ရာ စေတီတော်သည် ယခင်ကဲ့သို့မြို့ပြင်၌မဟုတ်တော့ဘဲ မြို့တွင်းဧရိယာတွင်တည်ရှိလာ၏။ ဤကား
မြန်မာမင်းအဆက်ဆက် စီရင်ပြုပြင်ခဲ့သော ရန်ကုန်မြို့၏အတိတ်ဇာတ်ကြောင်းပင် ဖြစ်လေတော့သည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com