ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေများ တိကျစွာပြဋ္ဌာန်းနိုင်မှ ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံများကို စနစ်တကျထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့တော်ရှိ ကိုလိုနီခေတ် လက်ကျန် အဆောက်အအုံအချို့ကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ရာတွင် နှစ်ကာလ အပိုင်း အခြားတစ်ခုဖြင့် သတ်မှတ်ထား သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များ မရှိသေးဘဲ အဆောက်အအုံ၏ ယဉ်ကျေးမှုအဆင့်အတန်းနှင့် အနု ပညာလက်ရာများပေါ်တွင်သာ မူတည်သတ်မှတ်ထားခြင်း ဖြစ် ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
”နှစ်နဲ့ သတ်မှတ်တာ မဟုတ် ပါဘူး။ အဲဒီအတွက် ဥပဒေတွေ၊ စည်း မျဉ်း စည်းကမ်းတွေလည်း တိတိ ကျကျ မရှိသေးပါဘူး။ ဥပဒေ ထွက် လာမှ သေချာသိနိုင်မှာ ဖြစ်ပေမယ့် နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ ပုံစံတွေအရ နှစ်သက်တမ်းနဲ့ မတွက် ဘဲနဲ့ ဗိသုကာလက်ရာတွေ၊ သမိုင်း မှာ ဘယ်လောက်အထိ အရေးပါ တယ်ဆိုတဲ့ အချက်တွေနဲ့ တိုင်းတာပါ တယ်။ ဒီအတိုင်းသတ်မှတ်လို့ မရဘဲ ရှေးဟောင်းအဆောက်အအုံဖြစ် မဖြစ်ကိုလည်း လေ့လာမှုတွေ အများ ကြီးလုပ်ရပါတယ်။ ပြီးမှ သတ်မှတ် တာပါ။ အဲဒါတွေကိုလည်း ဥပဒေတွေ နဲ့ တိတိကျကျပြဋ္ဌာန်းမှ ရမှာဖြစ်ပေ မယ့် ရန်ကုန်မှာ အဲဒီလို ဥပဒေတွေ မရှိသေးပါဘူး”ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ အကြီးတန်းပြန်ကြားရေး အရာရှိ မရွှေယင်းမာဦးက ပြော သည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ကိုလိုနီ ခေတ်ကတည်းက ဆောက်လုပ်ထား သော အဆောက်အအုံများအနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရှေးဟောင်းအဆောက် အအုံအဖြစ် သတ်မှတ်ထားသော အဆောက်အအုံ ၁၈၉ လုံး ရှိပြီး အများစုမှာ ရန်ကုန်မြို့လယ်ရှိ မြို့နယ်များဖြစ်သည့် ကျောက် တံတား၊ ပန်းဘဲတန်း၊ လသာမြို့နယ် တို့တွင် အများအပြားရှိနေသည်။ ဤသို့ဖြစ်ရခြင်းမှာ အင်္ဂလိပ် ကိုလိုနီ လက်ထက်၌ ရန်ကုန်ဆိပ်ကမ်းနှင့် နီးသည့် မြို့လယ်ပိုင်းကို ဆူးလေ စေတီ ဗဟိုပြု၍ မြို့ကွက်ရိုက် သတ် မှတ်ပြီး အစိုးရရုံးထိုင်ရာ မြို့တော် အဖြစ် တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ ဒေသခံ လူကြီးသူမများက ပြောသည်။
ထိုအဆောက်အအုံများတွင် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ သာသနာရေးဆိုင်ရာ အဆောက် အအုံများသာပါဝင်ပြီး ပုဂ္ဂလိကပိုင် အဆောက်အအုံများ ပါဝင်ခြင်း မရှိ သေးကြောင်း မြို့တော်စည်ပင်မှ သိရသည်။
၂ဝဝ၅ ခုနှစ်၌ နေပြည်တော် သို့ ဝန်ကြီးဌာနများ ပြောင်းရွှေ့သွား ခြင်းကြောင့် ရန်ကုန်မြို့တွင် အခြေ စိုက်ပြီး ရုံးလုပ်ငန်းများ လုပ်ကိုင် နေသော ယခင်ဝန်ကြီးဌာနများကို ထိန်းသိမ်း စောင့်ရှောက်မှု အားနည်း ကာ ပျက်စီးဆုံးရှုံးမှုများ ရှိလာခြင်း၊ ၂ဝဝ၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ရှေးဟောင်း အဆောက်အအုံများ ထိခိုက်မှုရှိခြင်း၊ ရှေးဟောင်း အဆောက်အအုံအချို့ ကို ပုဂ္ဂလိက လုပ်ငန်းရှင်အချို့သို့ လွှဲပြောင်း လုပ်ကိုင်ခွင့် အငှားချထား ခြင်းစသည့်အခြေအနေများကြောင့် ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်း စောင့်ရှောက်ရေးကို ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းနိုင်ရန် လိုအပ်ခြင်းဖြစ်သည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့လက်ထက်တွင် ရှေးဟောင်းဒေသများနှင့် အဆောက် အအုံများကို ကာကွယ်ရန်အတွက် ဥပဒေများပြဋ္ဌာန်းခဲ့ရာ ထိုဥပဒေအရ အဆောက်အအုံ ပြင်ဆင်မှုများ ပြုလုပ်သည့်အခါ မူလအနေအထား မပျက်ယွင်းစေဘဲ နဂိုနေမပြောင်း သည့် ပြင်ဆင်မှုများ ပြုလုပ်သွား ရန်၊ သတ်မှတ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက ငွေဒဏ်အပြင် ထောင် ဒဏ်အထိပါ ပြစ်ဒဏ်ချမှတ်ရန် ၎င်း ဥပဒေတွင် ပါရှိပြဋ္ဌာန်းထားသည်။
”ရှေးဟောင်း အမွေအနှစ် ပစ္စည်းဖြစ်မဖြစ်ကို သက်ဆိုင်တဲ့ အဖွဲ့အစည်းက သတ်မှတ်ရတယ်။ စာရင်းဝင်သွားရင်တော့ ကာကွယ်ရ မယ်။ YHT ကတော့ ကျန်တဲ့ ရှေး ဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတာ တွေ့ ပါတယ်။ နှစ်အပိုင်းအခြားကို သတ် မှတ်ရမယ့်အပြင် (ဥပမာအားဖြင့်) သမိုင်းဝင် ပုဂ္ဂိုလ်တစ်ဦးနေခဲ့တဲ့ အိမ် ဆိုရင် သတ်မှတ်ထားတဲ့နှစ်လည်း ပြည့်ပြီး တခြား သတ်မှတ်တဲ့ အချက် တွေနဲ့လည်း ညီတယ်ဆိုရင် ရှေး ဟောင်း အမွေအနှစ်ပစ္စည်းအဖြစ် သတ်မှတ်တယ်။ ကမ္ဘာ့အမွေအနှစ် ပစ္စည်းဆိုရင်လည်း ယူနက်စကိုက သတ်မှတ်တဲ့ စံနှုန်းတွေ ရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောသည်။
Credit: thetradetimes