အိမ်ခြံမြေလောကအရှုပ်ထွေးကို ဝန်ဆောင်မှုဥပဒေ ရှင်းနိုင်မလား - Property News in Myanmar from iMyanmarHouse.com
1279 Views

အိမ်ခြံမြေလောကအရှုပ်ထွေးကို ဝန်ဆောင်မှုဥပဒေ ရှင်းနိုင်မလား

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အဓိကလည်ပတ်ရာမြို့တော်ဖြစ်သကဲ့သို့ အိမ်ခြံမြေလုပ်ငန်း အများအပြားရှိနေပြီး အိမ်ခြံမြေဈေးကွက်၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ သို့သော် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် အိမ်ရှင်၊ အိမ်ငှားများကြား ပြဿနာများနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၄ သန်းခန့်အထိရှိလာပြီး ၎င်းတို့၏စားဝတ်နေရေးမှာ အလွန်အရေးပါလာသည်။ ယင်းကဏ္ဍ သုံးခုအနက် နေရေးဖြစ်သည့် အိမ်ခြံမြေကဏ္ဍနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေသည့် အခက်အခဲများ၊ အငြင်းပွားမှုများကို အထိုက်အလျောက် ဖြေရှင်းနိုင်ရန်နှင့် ဥပဒေဘောင်အတွင်းမှ ထိန်းကျောင်းနိုင်ရန် ဥပဒေပြုပညာရှင်များ၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ကိုင်နေကြသူများက မျှော်လင့်နေကြသည်။

"လက်ရှိမှာ ကျွန်တော်တို့ရင်ဆိုင်နေရတာက အိမ်ခြံမြေနဲ့ပတ်သက်ပြီးလိမ်လည်မှုတွေ၊ ဈေးကွက်မတည်ငြိမ်မှုနဲ့ ဈေးကွက်တိတိကျကျ မသတ်မှတ်နိုင်တော့ အငြင်းပွားမှုတွေ များလာပြီး မှုခင်းတွေလည်း ပေါ်ပေါက်လာ ပါတယ်။ ကျွန်တော်တို့ တိုင်စာကော်မတီကို ရောက်လာတဲ့ တိုင်ကြားမှုတွေထဲမှာ အိမ်ခြံမြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ တိုင်စာဟာ ၁၀ ရာခိုင်နှုန်းရှိတယ်။ ဒါတွေဟာ တိကျတဲ့ အိမ်ခြံမြေဆိုင်ရာဥပဒေကို မပြဋ္ဌာန်းပေးနိုင်တဲ့အတွက်ကြောင့် ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ သတ်မှတ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်က ပြောသည်။

လက်ရှိ အိမ်ခြံမြေလောကတွင် ဝန်ဆောင်မှုလုပ်ကိုင်နေသည့် အကျိုးဆောင်များကို သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းကြပ်မတ်မည့် အဖွဲ့အစည်းမရှိခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်လာ ကြခြင်းဖြစ်သည်ဟု အကျိုးဆောင်အချို့က ဆိုသည်။

"စည်းမျဉ်းဥပဒေ အတိအကျမရှိတော့ အချင်းချင်းကျော်တာခွတာတွေ ရှိတယ်။ ကိုယ်ရောင်းဖို့ တာဝန်ယူထားတဲ့အိမ်ကို တချို့က ယူရောင်းသွား တာမျိုးပေါ့။ တချို့အိမ်ရှင်တွေကျတော့လည်း စည်းကမ်းမရှိဘူး။ ကျွန်တော်နဲ့ချိတ်ထားပြီး နောက်တစ်ဦးက ဝယ်မယ့်သူခေါ်လာပြီး လာပြလည်း လက်ခံ လိုက်တာပဲ။ အဲဒါက လိုင်စင်မရှိလို့ဖြစ်တာ"ဟု Yangon Superb အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုစူပါက ပြောသည်။

အိမ်ခြံမြေအကျိုးဆောင်နှင့် ပွဲစားအချို့က အိမ်ခြံမြေ၏ သတ်မှတ်ထားသည့် ဈေးနှုန်းထက် ရာခိုင်နှုန်းအနည်းငယ်ပိုတင်ကာ ဝယ်သူအား ရောင်းချခြင်း၊ ပွဲညွန့်တင်ခြင်း၊ အိမ်ခြံမြေအကျိုးဆောင်တစ်ခုနှင့် ချိတ်ထားသည့် အိမ်ခြံမြေကို အခြားအကျိုးဆောင်က ဝင်ရောက်လုပ်ကိုင်ခြင်း စသည့်အကြောင်းအရာများ ဈေးကွက်တွင်း ဖြစ်ပေါ်လျက်ရှိသည်။

"တချို့လူတွေက အရောင်းအဝယ်လည်း ဖြစ်သွားရော ဝန်ဆောင်ခ မပေးချင်လို့ ကျော်ပြီးတော့ အိမ်ငှားနဲ့ တိုက်ရိုက်လုပ်တာမျိုးလည်း ရှိတယ်။ အိမ်ရှင်တွေကိုလည်း ဘယ်လိုစည်မျဉ်းဥပဒေနဲ့ကိုင်မလဲ"ဟု ကိုစူပါက ပြောသည်။

"လမ်းဘေးကွမ်းယာသည်ကရော၊ ဆိုက်ကားသမားကရော အိမ်လေးကို လက်ညှိုးထိုးပြပြီး အကျိုးဆောင်လုပ်တယ်။ ကျွန်တော်တို့ကျတော့ ဝယ်သူလည်း ရှာရတယ်။ နေရာကိုလည်း တကူးတက ရှာပေးရတယ်။အဲဒီအပေါ်မှာ သူတို့က ပွဲစားခ စားချင်ကြတယ်။ ကျွန်တော်တို့က အားစိုက်ပြီးတော့ ရပိုင်ခွင့်နည်းနေတဲ့အတွက် အဲဒီလိုမျိုးမဖြစ်စေချင်လို့ အိမ်ခြံမြေရောင်းတဲ့သူတွေကလည်း မှန်မှန်ကန်ကန်နဲ့ တကယ်လိုင်စင်ရှိတဲ့ လူမျိုးဆီမှာ အပ်သင့်တယ်။ ဒါမှ အဲဒီလိုမျိုး ပွဲစားတွေ ပျောက်သွားမယ်"ဟု မြောက်ဥက္ကလာပမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် ကိုစိုးကြီးက ပြောသည်။

တစ်ဖက်တွင် ပွဲစားများက အိမ်ရှင်မတောင်းဘဲနှင့် အိမ်လခပိုတောင်း သည်များ၊ စပေါ်ငွေပြန်မပေးဘဲ ကြားထဲက ဖြတ်ယူထားသည်များအပြင် အိမ်ရှင်နှင့် အိမ်ငှားကြား လှည့်ဖျားနေမှုများကို အိမ်ငှားများ ကြုံတွေ့ နေရသည်ဟု ဆိုသည်။

"အိမ်ရှင်က စပေါ်ငွေ မတောင်းဘဲနဲ့ တောင်းတာ၊ တခြားတိုက်ခန်းကိုပြောင်းမယ်ဆိုရင် စပေါ်ငွေကို ပွဲစားက ကြားထဲက ဖြတ်ယူထားတာမျိုး တွေရှိတယ်။ တစ်ခါတလေလည်း အိမ်ရှင်ကိုယ်တိုင်က ပြန်မပေးတာ ရှိတယ်။ ပွဲစားတွေက ကြားထဲက ခြောက်လစာယူထားပြီး အိမ်ရှင်ကို ပြန်ခွဲပေးတာမျိုးလည်းရှိသလို တိုက်ခန်းမှာ အပြစ်အနာဆာရှိရင်လည်း ပြင်ပေးမယ်လို့ ပွဲစားက လွယ်လွယ်ပြောပြီး တကယ်တမ်းမှာ အိမ်ရှင်ကပြင်မပေးတော့ ကိုယ့်ငွေကိုယ် စိုက်ပြင်ရတာရှိတယ်။ အိမ်ရှင်နဲ့ အိမ်ငှား မျက်နှာခြင်းဆိုင်ပေးမတွေ့ဘဲ ကြားထဲမှာ ကုလားဖန်ထိုးတယ်။ ပွဲစားခထပ်ရအောင် လက်ရှိနေတဲ့အိမ်ကို စာချုပ်ထပ်မချုပ်ရအောင် လုပ်တာတွေလည်းရှိတယ်"ဟု တာမွေမြို့နယ်တွင် အိမ်ငှားနေသူ မသူဇာက ပြောသည်။

အိမ်ခြံမြေယူနိုက်တက်ဂရု(ပ်)က စီစဉ်ကျင်းပသည့် အိမ်ခြံမြေဥပဒေဆိုင်ရာအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲကို သြဂုတ် ၂၂ ရက်က မြောက်ဥက္ကလာတွင် ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် အိမ်ခြံမြေအကျိုးဆောင်များ၊ ဥပဒေပညာရှင်များက အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေမူကြမ်းကို ယခုနှစ် ဇွန် ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

"ပြည်သူတွေရဲ့ နေရာထိုင်ခင်းအတွက် အိမ်ခြံမြေတွေကို အရောင်းအ-ဝယ်လုပ်တာ၊ ငှားရမ်းတာနဲ့ ပေါင်နှံတဲ့နေရာတွေမှာ ပုဂ္ဂလိက အိမ်ခြံမြေအကျိုးဆောင်တွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်နေရတာကြောင့် တိကျတဲ့ဥပဒေမျိုးလိုအပ်တယ်လို့ နိုင်ငံတော်က ရှုမြင်တဲ့အတွက် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကို ပြဋ္ဌာန်းတာက ဥပဒေကြမ်းအဆင့်ကို ရောက်နေပါပြီ"ဟု ဦးမြင့်လွင်က ပြောသည်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေသည် ဒေသတွင်း အာဆီယံ ၁၀ နိုင်ငံအနက် ကိုးနိုင်ငံတွင်ရှိပြီးဖြစ်ကာ မြန်မာနိုင်ငံတစ်ခုတည်းတွင်သာ မရှိသေးခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

"ဒီအိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို အသေးစိတ်လေ့လာပြီး ဥပဒေဘောင် အတွင်းက ဆောင်ရွက်မယ်ဆိုရင်၊ မိမိရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း လက်လွတ်စပယ် ဆုံးရှုံးမှုရှိမှာ မဟုတ်ပါဘူး။ ရောင်းမယ်ဆိုရင် တန်ဖိုးဘယ်လောက်နဲ့ရောင်းမယ်။ အကျိုးဆောင်ခ၊ ပွဲခပေးမယ်ဆိုရင် ဘယ်လောက်နဲ့ပေးမယ်ဆိုတာ ကတိ-စာချုပ်မှာ အတိအလင်းချုပ်ရမှာ ဖြစ်ပါတယ်။"ဟု ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်သည့် အိမ်ခြံမြေဝန်ဆောင်မှုပေးသူများ ပေါ်ထွန်းလာစေရန်၊ အိမ်ခြံမြေဈေးကွက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်၊ ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုရယူသူ နှစ်ဦးနှစ်ဖက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ရရှိကြစေရန်၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၊ ဒေသဆိုင်ရာအဖွဲ့အစည်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းနှင့် ပုဂ္ဂလိကများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရန် အဆိုပါဥပဒေကို ရည်ရွယ်ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေကြမ်းအရ ပြည်ထောင်စုအစိုးရအဖွဲ့က ဗဟိုကော်မတီဖွဲ့စည်းရမည်ဖြစ်ပြီး အဆိုပါကော်မတီက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ကြီးကြပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ လိုင်စင်အမျိုးအစား၊ လိုင်စင်ကြေးနှင့် လိုင်စင်စည်းကမ်းများ သတ်မှတ်ပေးခြင်း စသည့်တာဝန်များကို ဆောင်ရွက်ရန် ထည့်သွင်းထားကြောင်းလည်း သိရသည်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ကြီးကြပ်ရေးကော်မတီက ယာယီလိုင်စင်နှင့် လိုင်စင်တို့အတွက် စိစစ်ထုတ်ပေးခြင်း၊ ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။

လက်ရှိအချိန်၌ အိမ်ခြံမြေအကျိုးဆောင်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းကထုတ်ပေးထားသည့် လိုင်စင်မရှိသည့်အပြင် ဝန်ဆောင်မှုများ ပေးရာတွင်လည်း အဆင်ပြေသလိုသာ ဆောင်ရွက်ပေးနေကြခြင်းဖြစ်သည်။

"အိမ်ခြံမြေအကျိုးဆောင်တွေမှာ ဘာလိုင်စင်မှမရှိပါဘူး။ ကွမ်းယာဆိုင်မှာ စာရွက်ကပ်ပြီး အိမ်ရောင်းရန်ရှိသည်၊ သစ်ပင်မှာ စာရွက်ကပ်ပြီး အိမ်ရောင်းရန်ရှိသည်ဆိုပြီး ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် လက်တို့အကျိုးဆောင်ရင်းနဲ့ အိမ်တစ်လုံးရောင်းဖို့ စီစဉ်နေကြပါတယ်။ ဥပဒေအတည်ဖြစ်ပြီး တစ်နှစ်အတွင်းမှာ ယာယီလိုင်စင်လျှောက်လို့ ရပါတယ်။ အဲဒီနောက် သင်တန်းတက်၊ ယာယီလိုင်စင် သုံးနှစ်ပြည့်ရင်တော့ လိုင်စင်ရမှာဖြစ်ပါတယ်"ဟု ဦးခင်ဇော်(မရမ်းကုန်း)က ရှင်းပြသည်။

အရေးယူဆောင်ရွက်မှုတွင် ယာယီလိုင်စင် (သို့မဟုတ်) လိုင်စင်မရှိဘဲ အသက်မွေးဝမ်းကျောင်းအဖြစ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပါက ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် အဆိုပါပုဂ္ဂိုလ်ကို ထောင်ခြောက်လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၆၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းအရ သိရသည်။

"မြန်မာပြည်က ဝန်ဆောင်မှုလုပ်နေတဲ့သူတွေဟာ ထီးဖြူ၊ ဖိနပ်ပါး လုပ်နေရတဲ့ကြားထဲက နိုင်ငံခြားသားတွေက မြန်မာနိုင်ငံကို ဝင်ရောက်လာတယ်၊ သူတို့အချင်းချင်း လက်တို့ပြီးတော့ ကွန်ဒိုတွေ၊ အဆင်မြင့်အဆောက်အအုံတွေ အရောင်းအဝယ် လုပ်သွားကြတယ်။ ကျွန်တော်တို့နိုင်ငံတော်အတွက် အခွန်အခတွေ နစ်နာနေပါတယ်။ နိုင်ငံခြားသားတွေ ဝင်ပြီးတော့ လက်ဝါးကြီး မအုပ်နိုင်အောင်၊ ပါဝင်ဆောင်ရွက်ခြင်းမရှိအောင် ဒီဥပဒေပြဋ္ဌာန်းမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ပြည်သူတွေအားလုံး လိုလားနေတဲ့ ဥပဒေတစ်ရပ် ဖြစ်ပါတယ်"ဟု ဦးခင်ဇော်က ပြောသည်။

အိမ်ခြံမြေအကျိုးဆောင်များပါဝင်သည့် တစ်သီးပုဂ္ဂလ အိမ်ခြံမြေဝန်ဆောင်မှုအသင်းကို ပြီးခဲ့သည့် လေးလခန့်က ယာယီဖွဲ့စည်းခဲ့ပြီး အနာဂတ်တွင် အသင်းလိုင်စင်ရဖို့အထိ ကြိုးစားရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ တစ်သီးပုဂ္ဂလ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း တွင် အဖွဲ့ဝင် ၁၀ဝခန့်အထိ ရှိကြောင်း သိရသည်။ ယင်းအသင်းတွင် ရန်ကုန် အခြေစိုက် အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများအချင်းချင်းချိတ်ဆက်ပြီး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေကြကြောင်း သိရသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service