အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်တွင် ဒေဝါလီခံသွားရသော သူဌေးကြီးက ဒါးလက်စ်မြို့နေအိမ်ကို အရောင်းဈေးကွက်တင်
အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးမသမာမှုများဖြင့် အမှုရင်ဆိုင်ရကာ ဒေဝါလီခံသွားရသော သူဌေးကြီးတစ်ဦးသည် တက္ကဆပ်ပြည်နယ်၊ ဒါးလက်စ်မြို့မြောက်ပိုင်းရှိ နေအိမ်ကြီးကို ကန်ဒေါ်လာ ၁၂ ဒသမ
၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပြဿနာအပေါင်းနှင့် ရင်ဆိုင်ရလျက်ရှိသော သူဌေးကြီး ဆမ်ဝီလီ၏ ရောင်းချမည့်နေအိမ်မှာ တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး
အိပ်ခန်း ၅ ခန်းပါဝင်သည်။
အသက် ၈၂ နှစ်ရှိပြီဖြစ်သော သူဌေးကြီး ဆမ်ဝီလီသည် U.S. Securities and Exchange Commission (SEC) က တရားစွဲထားသော
မသမာမှုဖြင့် အမှုရင်ဆိုင် နေရသည်မှာ တစ်နှစ်ခန့် ရှိခဲ့ပြီဖြစ်သည်။
ဆမ်ဝီလီသည် အဆိုပါနေအိမ်ကို ၁၉၈၃ ခုနှစ်ခန့်ကပင် ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
သို့ရာတွင် ဝယ်ယူရာ၌ မည်မျှပေးခဲ့ရသည်ကိုမူ မသိရှိရချေ။
ဆမ်ဝီလီနှင့် သူ၏ကွယ်လွန်သွားပြီဖြစ်သော ညီဖြစ်သူ ချားလ်စ်ဝီလီတို့သည် Michaels and others အနုပညာလက်ရာဆိုင်မှ များစွာမြတ်စွန်းလာမှုများကို နိုင်ငံခြားဘဏ်စာရင်းများဖြင့် ဒေါ်လာသန်းပေါင်းများစွာ ဖုံးကွယ်ထားမှုဖြင့် အမှုရင်ဆိုင်ကြရခြင်း ဖြစ်သည်။
လာမည့်ဆောင်းဦးပေါက်တွင် မစ္စတာဝီလီက SEC ကို ဒေါ်လာ သန်း ၂၀၀ ခန့် ပေးဆောင်ရန် သဘောတူထားသည်။
ယခုအမှုသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က
ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကြွယ်ဝသည်ဟု ခန့်မှန်းခဲ့ကြသော ပုဂ္ဂိုလ်ကြီးကို ဒေဝါလီခံစေခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် ဒါးလက်စ်မြောက်ပိုင်းရှိ ယခုရောင်းချမည့်နေအိမ်ကြီးမှ အနီးရှိ အငြိမ်းစားများနေထိုင်ရာအရပ်သို့ ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် သိမ်းဆည်းချိတ်ပိတ်ထားသော ပိုင်ဆိုင်မှုအရပ်ရပ်အနက် ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကို သုံးစွဲနိုင်ရန် တရားရုံးက ခွင့်ပြုပေးခဲ့သည်။
ရောင်းချမည့်နေအိမ်၏ ခြံဝန်းအကျယ်မှာ တစ်ဧကရှိပြီး ၁၉၂၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ခြံဝန်းကို အသေးစိတ်မွမ်းမံထားပြီး ခြံနောက်ဘက်တွင် ရေကန်တစ်ခုပါဝင်သည်။
ဒါးလက်စ်မြို့တော်ခန်းမကို ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာပညာရှင် ချားလ်စ် ဒီ-ဟေးလ်က ယခုနေအိမ်ကို ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်ဟု အရောင်းဈေးကွက်တင်သည့် Allie Beth Allman & Associates ကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးဖြစ်သူ ဆူဇန် ရှန်နွန်က ပြောကြားသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၇၅၀၀ ကျော်ရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ဈေးကွက်သို့ တစ်ကြိမ်မျှ မရောက်ဖူးသေးသော နေအိမ်ကြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)