"အထင်နဲ့ အမြင်က တလွဲ" လယ်မြေကနေ ဂရန်မြေဖြစ်ဖို့က လွယ်မှမလွယ်ဘဲ - Property News in Myanmar from iMyanmarHouse.com
615 Views

"အထင်နဲ့ အမြင်က တလွဲ" လယ်မြေကနေ ဂရန်မြေဖြစ်ဖို့က လွယ်မှမလွယ်ဘဲ

ယခုတလော စာရေးသူထံ iMyanmarHouse.com "မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝက်ဘ်ဆိုက်" မှ တစ်ဆင့် မေးပို့ကြသော မေးခွန်းများတွင် လယ်ယာမြေများ၊ ဥယျာဉ်မြေများ ဝယ်ထားမိသူများမှ မိမိဝယ်ထားသည့်မြေများကို အထောက်အထားခိုင်မာအောင်၊ ဂရန်ရှိအောင် မည်သို့ဆောင်ရွက်ရမည်...စသည်ဖြင့် အမေးများကြသည်။

မြို့တွင်းဈေးမြောက်၊ မြို့ပြင်ရောက် လယ်ယာမြေကို ဝယ်ကြသည်။

၂၀၁၄ ခုနှစ်က အိမ်ခြံမြေဈေးများမှာ မိုးမရွာဘဲ မြစ်ရေများ တဟုန်ထိုး လျှံတတ်လာ သကဲ့သို့ အတတ်မြန်လွန်းခဲ့သည်။ထိုစဉ်က မြို့တွင်းရပ်ကွက်အတွင်း မဝယ်နိုင်သဖြင့် မြို့ပြင်ထွက်၍ ရွာကွက်၊ ဥယျာဉ်ကွက်၊ လယ်ကွက်များကို ရှာ၍ဝယ်ခဲ့ရသည်။ထိုအချိန်က ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေအရ၊ လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများမှာလည်း ရောင်းဝယ်ခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားသည်။ထို့ကြောင့် ပေါင်နှံခြင်း၊ ပေါချောင်ကောင်း ရနိုင်သည့် လယ်မြေများကို ရှာ၍ဝယ်လာကြခြင်း ဖြစ်သည်။

အထင်နဲ့အမြင်တလွဲ၊ ဂရန်မြေရဖို့ လွယ်မှ မလွယ်ဘဲ

လယ်ယာမြေ ဝယ်ထားသူများမှာ တရားဝင် အရောင်း၊ အဝယ် လုပ်၍ရသည်ဟု သိထားသည်ကလွဲ၍ ထိုလယ်ယာမြေများကို အိမ်မြေ၊ ဂရန်မြေများ လုပ်၍ရသည်။(၂၀'x ၆၀')(၄၀'x၆၀') ခွဲ၍ ဝယ်နိုင်သည်။တစ်နိုင်တစ်ပိုင်ဝယ်ကာ အိမ်ဆောက်နေ၍ ရသည်။အလွယ်တကူ ဂရန်မြေလျှောက်၍ ရသည်ဟု ထင်နေကြသည်။တကယ်တမ်း မိမိတို့ ဝယ်ထားသည့် လယ်ယာမြေများကို ဂရန်လျှောက်ဖို့ ဝေလာဝေး တရားဝင် အိမ်ဆောက်၍ ဝင်ရောက်နေထိုင်ခွင့်ပင် မရကြသောအခါ ပါမစ်မြေ၊ ဂရန်မြေ ဘိုးဘွားပိုင်မြေတို့ကဲ့သို့ မဟုတ်ပါလား.....ယခုမှ သိလာရသောအခါ စာရေးသူထံ မေးလာကြခြင်း ဖြစ်သည်။

လယ်ယာမြေ ဥပဒေ မလေ့လာထားကြသူများ အခုတော့ "အငိုလွယ်လို့ အရှိုက်ခက်ပြီ"

တကယ်တော့ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ "လယ်ယာမြေ လုပ်ပိုင်ခွင့် ရသူသည် ခွင့်ပြုချက် မရရှိဘဲ အခြားနည်းလမ်းဖြင့် ပြောင်းလဲအတည်ပြုခွင့် မပြုရ။ လယ်ယာမြေကို မူလစိုက်ပျိုးထားသော သီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုချက်မရရှိဘဲ ပြောင်းလဲအသုံးပြုခြင်း မပြုရ " ဟု ပါရှိပါသည်။လယ်ယာမြေ ပိုင်ဆိုင်ခွင့်ရှိသူအနေဖြင့် လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ပေးထားသော စည်းကမ်းများနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်များကို ခွင့်ပြုထားပြီး ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊(မြေစာရင်း) ရုံးများတွင် မှတ်ပုံတင်ရမည် ဖြစ်သည်ကို မသိကြပေ။ရပ်ကွက်ပါမစ်မြေများ ဝယ်သကဲ့သို့ "ရော့ ပတ္တမြား၊ ရော့ နဂါး" အလွယ်လုပ်၍ အရောင်းအဝယ် လုပ်ခဲ့ကြသူများ အခုတော့ အခက်တွေ့ကြပြီ

မြေဈေးကောင်းတုန်း ရောင်းသွား၊ အခုတော့ လယ်သမားမှာ လယ်မရှိတော့ပါလား။

လယ်သမားများနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူများ အနေဖြင့်လည်း ထိုစဉ်က မမျှော်လင့်ထားသောဈေးနှင့် ငွေအမြောက်အများ ရရှိမှုကြောင့် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်ခွင့် ရခဲ့သော လယ်ယာမြေများနှင့် နိုင်ငံတော်က စိုက်ပျိုးရေး၊ ဆောင်ရွက်ရန် လုပ်ကိုင်ခွင့်ပေးထားသော လယ်ယာမြေများကို လတ်တလော ဖောဖောသီသီ သုံးနိုင်သော ငွေများရရှိမှုကို သာယာမက်မော၍ ရောင်းချခဲ့ကြသည်။ တစ်ဖက်မှ လယ်ယာမြေ ဝယ်ယူသူများကို လေ့လာကြည့်လျှင်လည်း တစ်နိုင်တစ်ပိုင် ဝယ်ယူသူများ ရှိသလို ငွေအမြောက်အများသုံး၍ လယ်ယာမြေဧက အမြောက်အများ ဝယ်ယူထားသူများလည်း ရှိသည်။

"လည်သူ ကြီးပွား၊ ရိုးသားသူ နင်းပြား"

ယင်းသို့ ဝယ်ယူရာတွင် မြို့ဝင်မြို့ထွက်၊ ရွာဝင်ရွာထွက်၊ ရွာချင်းဆက်၊ မြို့ချင်းဆက်၊ လယ်ယာမြေများကို အများဆုံး ဝယ်ယူထားကြသည်ကို တွေ့ရသည်။ထိုလယ်ယာမြေများကို စီးပွားရေး သမားများပီပီ အိမ်ခြံမြေများအဖြစ(၄၀'x၆၀')(၂၀'x ၆၀')စသည်ဖြင့် မြေကွက်များ ဖော်ထုတ်၍ ပြန်လည်ရောင်းချ သွားကြသည်။ထိုမြေကွက်များကို နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်အရ အကွက်ရိုက်ထားသည် ဟု ထင်ပြီး တစ်ပိုင်တစ်နိုင် ဝယ်ယူမိထားသူ လက်လုပ်လက်စား၊ ပင်စင်စားများမှာ "ပိုက်ဘော" မိနေသူများ ရှိနေ၍ စာရေးသူထံ "အိမ်ခြံမြေ ရောင်းဝယ်ငှား ဝက်ဘ်ဆိုက်" မှ မေးမြန်းနေကြခြင်း ဖြစ်သည် ဟု ထင်သည်။ဘာဘဲပြောပြော ယခုအချိန်မှာ ရောင်းသူများကို ဝယ်သူများက အားမနာတမ်း မေတ္တာပို့နေကြပေမယ့် ရောင်းသူများကြား နိုင်မည်မဟုတ်တော့ပါ။

အချိန်အခါမီ ကြိုးစားကြသူများ လယ်မြေမှ လူနေခွင့် ရလို့သွား

ယခင်အစိုးရလက်ထက်ကမူ လယ်ယာမြေများကို ဝယ်ယူသူများမှာ ဥယျာဉ်ခြံမြေအဖြစ် ပြောင်းလဲရန်အတွက် ဝယ်ယူသူများ ရှိသလို စီးပွားရေးရင်းနှီးမြှုပ်နှံမှုအဖြစ် မြေယာမြေများကို ဝယ်ယူထားသူများလည်းရှိသည်။ယင်းသို့ ဝယ်ယူရာတွင် ပုဂ္ဂိုလ်တစ်ဦးချင်း ဝယ်ယူခြင်း အဖွဲ့အစည်းများမှ ဝယ်ယူခြင်း၊ ဝယ်ယူသူသည် နိုင်ငံခြားသားဖြစ်ပါက နိုင်ငံသားတစ်ဦးဦးအမည်ခံ၍ ဝယ်ယူခြင်းရှိသည်ဟု သိရသည်။ထိုအချိန်က လယ်ယာမြေများကို စီးပွားရေးဆန်ဆန် အိမ်ခြံမြေများပြောင်းလဲခွင့် လျှောက်လာကြရာ အချိန်အခါမီသူများမှာ အခြားသုံးစွဲခွင့်/လူနေခွင့် လန"၃၀" ရသွားသူများလည်း ရှိသည် ဟု သိရသည်။
(၆.၈.၂၀၁၆)မြန်မာ့အလင်း ကြော်ငြာတစ်ခုတွင် "ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကုလားပဲတံတား၊ ၆လမ်းသွား၊ လမ်းမကြီးမေးတင်၊ မိုင်တိုင်(၄)မိုင်(၆)ဖာလုံအနီး စုစုပေါင်းလယ်မြေ(၄၇.၇၃)ဧက မျက်နှာတင်(၆၀၀)ရှိသည့်အထဲမှ (၅)ဧက လန(၃၀)ရရှိပြီး မျက်နှာဖွင့် ပေအကျယ် ၃၆၀ပေ ကိုရောင်းမည်" လယ်ယာမြေ အရောင်းကြော်ငြာ တစ်ခုကို တွေ့လိုက်ရသည်။
အလားတူ အချို့သတင်းစာ၊ ဂျာနယ်များတွင်လည်း လယ်ယာမြေများ ပြန်လည်ရောင်းချနေသည့် ကြော်ငြာများကို တွေ့မြင်နေရသည်။ကြော်ငြာများကို ဖတ်ကြည့်လိုက်လျှင် လမ်းမကြီးဘေး အကွက်အကွင်းကျကျ နေရလှသည်။ဧက ကျယ်သည်။ခြံစည်းရိုးခတ်ထားသည်...စသည်ဖြင့် ကြော်ငြာထားသည်ကို တွေ့ရသည်။ဘယ်လိုပင်ကြော်ငြာကောင်းပေမဲ့ တကယ်တန်း ဝယ်ယူနေထိုင်လိုသူများ ရှိပါက လယ်ယာမြေ ဥပဒေပါ ပြဌာန်းချက်များအတိုင်း လိုက်နာသင့်ကြပေသည်။

လယ်ယာမြေ အရောင်းအဝယ် ဘယ်တော့ မှတ်ပုံတင်ရမှာလဲ

လယ်ယာမြေ ဥပဒေကို ၂၀၁၂ ခုနှစ်က ပြဌာန်းခဲ့သော ဥပဒေဖြစ်သော်လည်း ယခုအစိုးရလက်ထက်အထိ လယ်ယာမြေ အရောင်းအဝယ်များ တရားဝင်မှတ်ပုံတင် စာချုပ်ချုပ်ဆို၍ ရောင်းနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် လယ်ယာမြေ အရောင်းအဝယ် စာချုပ်များကို အရပ်ကတိစာချုပ်ဖြင့် ချုပ်ဆိုနေကြရသေးသည့် အဆင့်တွင်သာ ရှိနေပါသည်။အရောင်းအဝယ်ပြုလုပ်ကြောင်း အသိသက်သေအဖြစ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရှေ့တွင်သာ ဆောင်ရွက်နေကြရသည်။ထို့အတူ အရောင်းအဝယ် ပြုလုပ်လျှင် လယ်မြေတစ်ဧက အခွန်နှုန်းမည်မျှ ဆောင်ရမည်။လယ်ယာမြေများကို ဝယ်ယူသူများအနေဖြင့် အနည်းဆုံး မြေအကျယ် မည်မျှ ဝယ်မှ မှတ်ပုံတင်ခွင့် ပြုမည်။(ဥပမာ(၂၀'x၆၀') စသည် အသေးစိတ် အချက်အလက်၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များ မတွေ့ရသေးပေ။ ယခုလက်ရှိအခြေအနေတွင် လယ်ယာမြေ ဝယ်ထားမိသူများ လယ်ယာမြေဝယ်လိုသူများမှာ မြေစာရင်းရုံးမှ မြေတိုင်းခေါ်၍ မြေတိုင်းရခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုသာ သက်သေအရာ ထားဆောင်ရွက်နေရခြင်း ထို့ကြောင့် မလိုလားအပ်သော လာဘ်ပေးလာဘ်ယူ ကိစ္စများ ပေါ်ပေါက်နိုင်ခြင်း လယ်ယာမြေဝယ်သူ၊ ရောင်းသူများ ထမ်းဆောင်ရမည်။ရောင်းခွန်၊ ဝယ်ခွန်များ အလဟသ ဆုံးရှုံးနေပါသဖြင့် လယ်ယာမြေ အရောင်းအဝယ် စာချုပ်များကို အခွန်ဆောင်၍ မှတ်ပုံတင်နိုင်စေရန် အမြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာသို့ အကြံပြုတင်ပြလိုက်ရပါတော့သည်။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service