ကျူးစစ်ကျူးမှန် ကျူးအကြံအဖန်များ ထုတ်ဖော်ရှင်းလင်းမည် - Property News in Myanmar from iMyanmarHouse.com
1112 Views

ကျူးစစ်ကျူးမှန် ကျူးအကြံအဖန်များ ထုတ်ဖော်ရှင်းလင်းမည်

ရက်ငါးဆယ်ကျော်သက်တမ်းရှိပြီဖြစ်သည့် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းများတွင် လူအများအာရုံ စိုက်မျှော် လင့်နေသော ပြဿနာတစ်ရပ်မှာ ရန်ကုန်နယ်နိမိတ် အပါအ၀င် မြန်မာနိုင်ငံ ဒေသအတော်များများ၌ ရင်ဆိုင်နေရသည့် ကျူးကျော်နေထိုင် သူများအရေး ကိစ္စဖြစ်သည်။ ကျူးကျော်နေထိုင်သူများနှင့်ပတ်သက်သော အရေးအရာသည် အစိုးရအဆက်ဆက် ရင်ဆိုင်ဖြေရှင်း ရသောကိစ္စဖြစ်သည်။ သို့သော် အမြစ်ပြတ်အောင် ကုသမရသောရောဂါကို တဒင်္ဂဆေးမြီး တိုများဖြင့် ကုသရသည့် ပမာသာ ဖြစ်ခဲ့ရသည်။ ကျူးကျော်နေထိုင်သူများ သည် ကျူးကျော်နေထိုင်ရာအရပ်သို့ မည်သည့်အကြောင်း ရင်းဖြင့်ရောက်ရှိကာ ကျူးကျော်နေ ထိုင်မှုပြုကြသည်၊ ယင်းတို့၏ဘ၀အရင်းခံအခြေအနေကို မည်သို့မည်ပုံ ကူညီထောက်ပံ့ပေးခြင်းဖြင့် ဘ၀အာမခံချက် ရှိအောင် ဖန်တီးပေးမည် ဟူသော ဖြေရှင်းနည်းမျိုး အထိ ရောက်မလာခဲ့။

ကျူးကျော်နေထိုင်သူဟု အကျည်းတန်နာမ ရင့်ရင့်သီးသီး အတပ်ခံရသူတို့၏ နောက်ခံအခြေအနေသည် ကရုဏာသက်ဖွယ်အတိ။ မိမိတို့ဇာတိရပ်ရွာတွင် လုပ်ကိုင်စားသောက်ရန် အခြေအနေမပေးသည့်အလျောက် ဇာတိကိုစွန့်ခွာ၍ မြို့ကြီးပြကြီးကို မှီခိုဝင်ရောက် လာခြင်းသည် ကျူးကျော်မှုပြုရခြင်း၏အစ ဖြစ်သည်။ ရန်ကုန်ဟူသည်က ရေခံမြေခံကောင်းမြို့ပြတစ်ခုဖြစ်သည့်အားလျော်စွာ အလုပ်အကိုင်အခွင့် အလမ်း ပေါ သည်။ ကျောခင်းစရာတစ်နေရာရလျှင် အလုပ်မရွေးလုပ်နိုင်သူအဖို့ နေ့စဉ်ဝင်ငွေက မရှား။ ခက်နေသည်က ကျောတစ်ခင်းစာအတွက် ပေးဆက်ရမည့် ငွေကြေးအင်အား လက်လုပ်လက်စားလူတန်းစားတွင် ပါးလျားနေခြင်းသာဖြစ်သည်။ ရန်ကုန်လိုနေရာတွင် ဆင်ခြေဖုံးအစွန်အဖျားရပ်ကွက်မှ ယိုင်နဲ့နဲ့အဖီအဆွယ်လေးတစ်ခုသည်ပင် တစ်လငှါးခ သောင်းဂဏန်းမကုန်ကျဘဲ မရနိုင်။ သည်တော့ ကျောတစ်နေရာစာ ရှာဖွေကြသူတို့အတွက် ကျူးကျော်နေထိုင်ခြင်းသည်သာ ရှောင်လွှဲမရနိုင်သော ထွက်ပေါက်တစ်ရပ်။

စက်မှုဇုန်ရှိရာအရပ်သည် အလုပ်အကိုင် အခွင့်အလမ်း ပေါ များရာဖြစ်သည်။ ကာယအားကိုအရင်းအနှီးပြု၍ လုပ်ကိုင်ရသောအလုပ်ကို မရှောင်လွှဲသူတိုင်းအတွက် အလုပ်မရှားလှ။ သည်တော့ စက်မှုလုပ်ငန်းများတည်ရှိရာ စက်မှုဇုန်အနီးအနားဝန်းကျင်တို့သည် ကျူးကျော်နေထိုင်သူတို့အတွက် ရေခံမြေခံကောင်းများ ဖြစ်လာကြတော့၏။ ရန်ကုန်တွင် စက်မှုဇုန်နှင့် စက်မှုလုပ်ငန်း အများဆုံးတည်ရှိလည်ပတ်ရာသည် လှိုင်သာယာမြို့နယ်ဖြစ်သည်။ သည်တော့ လှိုင်သာယာမြို့နယ်အနီးတစ်ဝိုက်သည် ကျူးကျော်နေထိုင်မှုပြဿနာများ အများဆုံးရင်ဆိုင်ရသည့်နေရာ ဖြစ်ချေတော့၏။

ကျူးကျော်နေထိုင်မှုအရေအတွက် ရုတ်တရက် တိုးမြင့်လာ ရခြင်း၏ အကြောင်းရင်းနောက်တစ်ခုကတော့ သဘာဝဘေးအန္တရာယ်ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ်ဒေသမှ သဘာဝဘေး သင့်ပြည်သူများမှာ လက်ငုတ်လက်ရင်းလုပ်ငန်းများ မုန်တိုင်းနှင့်အတူပါသွားသဖြင့် လက်မဲ့ခြေမဲ့ဖြစ် ကုန်ကြသည်။ အထုပ်အထည်စုဆောင်းထားပြီးဖြစ်သော လုပ်ငန်းရှင်များအဖို့ ဆင်ပိန်လျှင် ကျွဲမျှလောက် ကျန်သေးပေငြား လက်ခစားလုပ်သားများမှာမူ စားဝတ်နေရေးအတွက်အခက်တွေ့ကြရသည်။ ထို့ကြောင့်လည်း တစ်ရွာမပြောင်း သူကောင်းမဖြစ် ထုံးကို နှလုံးသွင်းရင်း ထိုင်နေလို့တော့ဘာမှဖြစ်မလာဘူး ဟူသည့်ဂါထာကို တဖွဖွရွတ်ကာ အလုပ်အကိုင် အခွင့်အလမ်းပေါများသည့် ရန်ကုန်သို့ ခြေဆန့်ခဲ့သည်။

လှိုင်သာယာမြို့နယ်မှာက မြေလွတ်တွေရှိနေ သည်။ မြေလွတ်ဆိုသော်လည်း မြေရိုင်းတော့မဟုတ်။ ဆိုလိုသည်က အရိုင်းအတိုင်း သဘာဝအလျောက် လွတ်လပ်စွာရှိနေသောမြေများမဟုတ်။ လုပ်ငန်းတစ်စုံတရာလုပ်ကိုင်ရန်ရည်ရွယ်လျက် ပိုင်ဆိုင်ထားသော၊ စီမံကိန်းတစ်စုံတစ်ရာလုပ်ဆောင်ရန် ရည်မှန်းချက်ထားရှိထားသော မြေများဖြစ်သည်။ သို့သော် အမြင်အရတော့ လွတ်နေသောမြေများက နေစရာ မရှိသူများ၏အာရုံကို လာလှည့်ကုန်၊ နေလှည့်ကုန်၊ အခြေချအပန်းဖြေလှည့်ကုန်ဟု ဖိတ်ခေါ်နေသည့် အလား။ နောက်ဆုံးတော့ နေမည့်သူကင်းပသောမြေလွတ်နှင့် နေစရာမြေမရှိဖြစ်နေသူတို့ သဟဇာတဖြစ်ကြသောအခါ ယာယီနေထိုင်ရာတဲငယ်လေးများ အစီအရီပေါ် ထွန်းလာတော့ သည်။

တကယ်တော့ ကျူးကျော်နေထိုင်ခြင်းဟူ သည့်ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ခွဲလေးတို့ များလှစွာ၏။ အခြေခံအရင်းအမြစ်အားဖြင့် အလုပ်လုပ်လိုသူတို့က နေစရာရှားပါးလွန်းသဖြင့် အဆင်သင့်ရာတွင် ခြေချလိုက်ခြင်းဖြစ်သော်လည်း ထိုအမြုတေပေါ်မှ အဆင်တန်ဆာဖုံးအုပ်မှုများ ထူထဲသိပ်သည်းလာသောအခါ နဂိုရှိပြီးပုံသဏ္ဌာန်များ ယိုယွင်းလာတော့သည်။ စုန်းပြူးများ၏ ကိုယ်ကျိုးရှာမှုဖြင့် နေစရာအကွက်ရိုက်ရောင်းစားမှုများ၊ အကြမ်းနည်းဖြင့် နိုင်ထက်စီးနင်းပြုမှုများ၊ တရားဥပဒေစိုးမိုးမှု လက်လှမ်းမမီခြင်းများ ဖြစ်လာရသည်။ ထိုအခါ ကျူးကျော်ရပ်ကွက်ဟူသည် မလိုလား အပ်ဖွယ်ရာအရပ်အဖြစ် နာမည်ဆိုးတွင်ခဲ့သည်။
ကိုယ့်အလုပ်ကိုယ် ကြိုးစားလုပ်ကိုင်ရင်း မိသားစုဘ၀လုံခြုံရေးဖန်တီးပေးလိုသူတို့ပါ ရောပြီး နာမည်ပျက်ရတော့သည်။

ယခင်အစိုးရလက်ထက်ကတေါ့် ကျူးကျော်နေထိုင် သူပြဿနာကို အင်အားသုံးဖြေရှင်းခြင်းဖြင့်သာ အဖြေထုတ်ခဲ့သည်။ သို့သော် ထိုအဖြေက မှန်ကန်သောအဖြေတော့မဟုတ်။ ကြိုတင်အကြောင်းမကြားဘဲလုပ်သည်တော့ မဟုတ်။ ဒါကလည်း ၀ိနည်းလွတ်သာသာမျှ။ မည်သည့်နေ့၊ မည်သည့်အချိန် နောက်ဆုံးထားကာ နေရာမှဖယ်ရှားပေးရန်၊ ထိုအချိန်ကျော်လွန်ပါက အင်အားသုံးဖယ်ရှားရန် ကြိုတင်အကြောင်းကြားသည်။ နဂိုကမှ နေစရာမရှိ၍ ယာယီတဲငယ်များထိုးကာ ဖြစ်သလိုနေထိုင်ရသူတို့အဖို့ ပြေးစရာမြေမရှိသည့်ဘ၀တွင် ပေကတ်နေထိုင်မြဲ ဆက်လက်နေထိုင်ကြသည်။ သတ်မှတ်ချိန်စေ့သော အခါတွင်ကား ဗိန်းဗောင်းသံလေးခင်းဖြင့် ဘီလူးထွက် ထွက်ကြတော့သည်။ ဘူဒိုဇာမြေကော်စက်များ၏ အညှာတာကင်းမဲ့စွာနင်းခြေဖျက်ဆီးမှုအောက်တွင် အမှန်တကယ်နေစရာမရှိသူတို့၏ဘ၀များ ကြေမွပျက်သုဉ်းခဲ့သည်။

ယခုအစိုးရသစ်လက်ထက်တွင်တော့ ဆိုခဲ့ပါ အင်အား သုံးဖြိုခွင်းမှုများ မကြုံတွေ့ရန် သတိတရားရှေ့ ထားဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်က ကတိက၀တ်ပြုသွားသည်။ အမှန်တကယ် နေစရာမရှိ၍ ၀င်ရောက်နေ ထိုင်သူများကို နေစရာပေးရုံတင်မက ဘ၀ရပ်တည်ရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းများပါ ဖန်တီးပေးသွား မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်၏ကတိက၀တ်စကားများက ရိုးရိုးသားသား အလုပ်လုပ်လိုသူတို့အတွက် အားဆေး တစ်ဖုံပမာ။ အစစ်တစ်ခု အတုတစ်ရာဟူသည့် စကားအတိုင်း အစစ်အမှန်ကိုအကာအကွယ်ယူ၍ အတုအယောင်တို့ တစ်စခန်းထလာမည်ကိုလည်း ၀န်ကြီးချုပ်က နားလည်သည်။ သည်တော့ နေစရာမရှိသူဟန်ဆောင်၍ အမြတ်ထုတ်ခြင်းအမှု မပြုနိုင်စေရန် လက်ရှိကျူးကျော်နေ ထိုင်သူများကို စာရင်းကောက်မှတ်တမ်းတင်သွားမည်ဟု ဆိုသည်။ ထိုစာရင်းကိုလက်ကိုင်ပြုပြီး တိုက်ဆိုင်စိစစ်ကာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

ခေါ်တွင်စရာဝေါဟာရအားဖြင့်သာ ကျူးကျော်ဟု အမည်တပ်လိုက်ရသော်လည်း အလုပ်ရိုးရိုးသားလုပ်ပြီး ဘ၀ထူထောင်သွားလိုသည့် နေစရာမရှိသူများကို ကျူးကျော်ဟုခေါ်ရသည်ကတော့ စာနာမှုဆွံ့ရှားရာကျ၏။ မိမိနှင့်မသက်ဆိုင်သောနေရာတွင် လာနေရုံသက်သက်သော ချွတ်ယွင်းချက်တစ်ခုသာရှိသည်။ စိတ်ဆိုးစိတ်ယုတ်ဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးကျော်ခြင်းမဟုတ်။ ထို့ကြောင့် သူတို့သည် ကျူးစစ်ကျူးမှန်များမဟုတ်။ ကျူးကျော်နေထိုင်ခြင်းဖြစ်ရပ်အပေါ် အမှီပြုအမြတ်ထုတ်သောသူများကသာလျှင် အမှန်စင်စစ်ကျူးကျော်သူ ကျူးစစ်ကျူးမှန်များဖြစ်၏။ ယခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ ကျူးကျော်နေထိုင်မှုကိုဖြေရှင်းမည့် စစ်ဆင်ရေးသည် ကျူးစစ်ကျူးမှန်များကို စစ်ကြေညာလိုက်ခြင်းဖြစ်သည်။ မတတ်သာ၍ကျူးရသူများနှင့် ရည်ရွယ်ချက်ရှိရှိကျူးသူများကို ခွဲထုတ်လိုက်ပြီး မကောင်းသူပယ် ကောင်းသူကယ်မည့် စီမံချက် ဖြစ်၏။ အလုပ်လုပ်ရင်း ဘ၀တည်ဆောက် လိုသူတို့အတွက် နစ်နာမှုတစ်စိုးတစ်စိ မရှိ။ ကျူးစစ်ကျူးမှန် ကျူးအကြံအဖန်များအတွက်တော့ ၀န်ကြီးချုပ်၏ တိုက်ပွဲခေါ်သံ သည် သေမင်းငင်သံသဖွယ် သာ ဖြစ်လေတော့သည်။


ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service