ပိုင်ရှင်နှင့် အငှား ညှိနှိုင်းခြင်းအနုပညာများ
ကျွန်တော့် လုပ်ဖော်ကိုင်ဖက်အသိုင်းအ၀ိုင်းကြားမှာ ကျွန်တော် နည်းနည်းလူတွင် ကျယ်လုပ်နိုင်နေတာက ကျွန်တော်ဟာ ကိုယ်ပိုင်အိမ်နဲ့နေနိုင်သူတစ်ဦးဖြစ်နေခြင်းပါပဲ။ မိဘကျေးဇူး မြင်းမိုရ်ဦးဆိုတဲ့စကားအတိုင်းပါပဲ။ သူတို့ရဲ့သားကြီး အိမ်ထောင်ကျရင် ကိုယ့်ဘာသာကိုယ် သီးသီးသန့်သန့်လေးနေနိုင်အောင်ဆိုပြီး အမြော်အမြင် ကြီးစွာ စီစဉ်ဖန်တီးပေးခဲ့တဲ့ မိဘနှစ်ပါးရဲ့ကျေးဇူးကြောင့် ကျွန်တော့်မှာ ကိုယ်ပိုင်တိုက်ခန်းလေးတစ်ခန်း အဖတ် တင်ပြီး ခြောက်လတစ်ခါ နေစရာရှာရတဲ့ဘ၀ မရောက်တာပါ။
ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကို လက်လှမ်းမီသလောက် လှည့်ပတ်ကြည့်လိုက်တဲ့အခါ များသောအားဖြင့် အိမ်ထောင်ကျပြီးသူတွေက ကိုယ့်ဘာသာကိုယ် အိမ်ငှားနေကြရတာများပါတယ်။ ဒီတော့ သူတို့မှာ တစ်နှစ်ကို အနည်းဆုံး နှစ်ခါတော့ အိမ်လခအတွက် ကြံကြဖန်ကြ၊ စုကြဆောင်းကြရတာ တွေ့ရပါတယ်။ ခြောက်လစာ စာချုပ်လို့မှ အိမ်ပေါ်မှာနေရတာ အသားကျမယ်မကြံသေးဘူး နောက်ခြောက်လစာအတွက် သက်တမ်းတိုး စာချုပ်ပဲ ချုပ်မလား၊ ဒါမှမဟုတ် တစ်နေရာကိုပြောင်းပြီးနေကြမလား ဦးနှောက်စားကြရတယ်လို့ သူတို့တွေက ပြောကြပါတယ်။
ကျွန်တော်တို့ မြန်မာပြည်မှာကလည်း ငါးပွက်ရာငါးစာချတယ် ဆိုတဲ့စကားအတိုင်း ခွင်လေးတစ်ခု နည်းနည်း အဆင်ပြေလာပြီဆိုရင် အဲဒီခွင်ကို ၀ိုင်းလုပ်၊ ၀ိုင်းအုပ်ကြတာ တော်တော်လေးကို အထိုင်ကျနေကြပြီလေ။ အိမ်ပွဲစား၊ တိုက်ခန်းပွဲစားတွေက နှစ်ချုပ်နဲ့ဆို အိမ်ခန်းတစ်ခန်း၊ တိုက်ခန်းတစ်ခန်းကို တစ်နှစ်မှ တစ်ခါပဲ ပွဲခ ရမှာဆိုတော့ ခြောက်လတစ်ခါ စာချုပ်ကို ဖြတ်ပိုင်းချုပ်ဖို့ သူတို့ကပဲ ရွှေဥာဏ်တော်စူးရောက်ကြပုံ ရပါတယ်။ ဟုတ်တယ်လေ ဒါမှလည်း အိမ်ခန်းတစ်ခန်း၊ တိုက်ခန်းတစ်ခန်းအတွက် သူတို့ တစ်နှစ်ကို ပွဲခ နှစ်ခါရကြမှာကိုး။ ဒါက သူတို့အကွက်။ အမယ် … သူတို့က သူတို့အကွက်ကို အိမ်ရှင်ဘက်ကျတော့ အိမ်ရှင်ရဲ့အကျိုးကိုလိုလား သယောင်နဲ့ ခြောက်လသက်တမ်းတစ်ခုပြည့်လို့ နောက်ခြောက်လသက်တမ်းတစ်ခု ထပ်တိုးချုပ်ရင် အိမ်ငှားခ တိုးတောင်းလို့ကောင်းတယ်ဆိုပြီး ပြောထားသေးတာ။ ဒီတော့ တစ်နှစ်တည်းမှာတင် ဈေးနှစ်မျိုးရပြီး ပိုအဆင် ပြေတာပေါ့လို့ အချိုသပ်ထားသေးတာ။
အိမ်ရှင်အနေနဲ့ကလည်း ပွဲစားတွေပြောတာ နည်းနည်းတော့ သဘာဝကျသလိုလို။ ပထမခြောက်လ အငှားချ ထားပြီး ပြည့်သွားတာနဲ့ နောက်ခြောက်လကို တစ်သောင်းတိုးလိုက်တယ်ပဲထား၊ ခြောက်လစာ ခြောက်သောင်း ထွက်လာတယ်ပေါ့။ ဒါဆို မဆိုးဘူးပေါ့။ နည်းနည်းလူရည်လည်တဲ့ အိမ်ရှင်တွေကကျတော့ တိုးလာတာက မဖြစ်စလောက်ရယ်၊ ပွဲခက ထပ်ပေးရဦးမှာဆိုတော့ ဒုံရင်းဒုံရင်းတင်မက အရင်းထဲကတောင်ပါသွားမှာဆိုတော့ ကိုယ့်ဘက်က အလုပ်ရှုပ်တာပဲအဖတ်တင်တယ်ဆိုပြီး ထောက်ပြကြတယ်။
မှန်တော့လည်း မှန်တယ်။ တကယ့်တကယ် အိမ်ရှင် အိမ်ငှား ကိစ္စမှာ တကယ်ကို ထုပ်ထုပ်ပိုက်ပိုက်နဲ့ အကျိုးတွေ တစ်လုံးတစ်ဝတည်းပြည့်ဝသွားတာကတော့ အလယ်လူလို့ခေါ်တဲ့ ပွဲစားပါပဲ။ အကျိုးဆောင်ကြီး လို့ ဘယ်လိုပဲ နာမည်လှအောင်ခေါ်ခေါ် ပွဲစားကတော့ ပွဲစားပါပဲ။ ပွဲစားတွေက နှစ်ဖက်လွှတွေလို ဟိုဘက်ကိုလည်း တိုက်စား၊ ဒီဘက်ကိုလည်း တိုက်စားနဲ့ ကြားထဲက အသားကောင်းတွေ သူတို့ဆီပဲပါသွားကြတာ။ ရောင်းသူက လည်း သူတို့ကို ပွဲခပေးရ၊ ၀ယ်သူကလည်း သူတို့ကို ပွဲခပေးရ၊ အိမ်ရှင်ဘက်က ပွဲခပေးရသလို အိမ်ငှားဘက် ကလည်း သူတို့ကို ပွဲခပေးရသေး။ ဘယ်ဘက်ကမှမလွတ်ရအောင် အားလုံးကိုတိုက်စားတတ်တဲ့လူတန်းစားလို့ ပဲ ပြောရမလားမသိ။
အဲဒီတော့ ထားပါလေ။ တိုက်ခန်းတစ်ခန်းကို တစ်လတစ်သိန်းနဲ့ ခြောက်လစာ စာချုပ်ချုပ်မယ်ပေါ့။
ဒါဆို အငှားအရမ်းရဲ့ အသားတင်ငွေကြေးလည်ပတ်မှုက ခြောက်သိန်း။ ဒါပေမဲ့ အိမ်ရှင်က ခြောက်သိန်းလုံး ဒုံး မရ ဘူး။ တစ်လစာကို ပွဲခအဖြစ်ပေးရတာဆိုတော့ သူရတာကမှ ငါးသိန်း။ အိမ်ငှားအတွက်ကရော ခြောက်သိန်း ပေးလိုက်ရုံနဲ့ ကိုယ်မှန်းထားတဲ့အခန်းမှာ တစ်ခါတည်းတက်နေနိုင်တာမဟုတ်ဘူး။ ခြောက်သိန်းက အိမ်ရှင် အတွက်ပဲရှိသေးတာ၊ ပွဲစားကိုပွဲခ တစ်လစာ တစ်သိန်းပေါင်း ခုနစ်သိန်း ပေးမှ ဖြစ်တာ။ ဒီတော့ အိမ်ငှားကုန်တာ ခုနစ်သိန်း၊ အိမ်ရှင် ရတာ ခြောက်သိန်း၊ ကြားထဲကနှစ်သိန်းက ပွဲစားလက်ထဲ အလိုက်သင့်အလျားသင့်။ တိုက်ခန်းတစ်ခန်းလုံးကို သိန်းရာနဲ့ချီအကုန်အကျခံဆောက်ထားရတဲ့ အိမ်ရှင်အဖို့ အရင်းအနှီးများသလောက် ကိုယ်ပြန်ရတဲ့ခြောက်လစာအကျိုးအမြတ်က ပွဲစားရဲ့သုံးဆတောင်မရှိ။ သူရတာ ငါးသိန်း၊ ပွဲစားက နှစ်သိန်း။ အိမ်ကြီးရှင်ဖြစ်ပါလျက်နဲ့ ဘာအရင်းအနှီးမှမစိုက်ထုတ်ဘဲ ပါးစပ်ကလေးသာစိုက်လိုက်ရတဲ့ပွဲစားထက် နှစ်ဆခွဲ လောက်ပဲ အကျိုးအမြတ်ရလိုက်တာ သူ့ရင်ထဲ မနာဘဲရှိနိုင်ပါ့မလား။
ဒါပေမဲ့ အိမ်ရှင်တွေက အိမ်ငှားကို ကိုယ်တိုင်လိုက်မရှာနိုင်ဘူးလေ။ ဒီတော့ ရပ်ကွက်အနှံ့ ဆက်ဆံရေးကွန်ရက် ဖြန့်ကျက်ထားတဲ့ ပွဲစားတွေလက်ထဲပဲ ကိုယ်အငှားချချင်တဲ့တိုက်ခန်း ၀ကွက်အပ်ထားလိုက်ရသကိုး။ ဒီတော့ သူတို့ခမျာ ပွဲစားဆိုတဲ့အတန်းအစားကို မချစ်သော်လည်းအောင့်ကာနမ်းပေါ့။ ခုနောက်ပိုင်း ခြောက်လပြည့်လို့ သက်တမ်းတိုးစာချုပ်တော့မယ်ဆိုရင် အိမ်ရှင်တွေက အိမ်ငှားတွေကို တိုက်ရိုက်လာပြီး တိုးတိုးတိတ်တိတ်ညှိ ကြတယ်။ မင်းတို့လည်း ပွဲခထပ်မပေးရ၊ တို့လည်း ပွဲခထပ်မပေးရအောင် ဒီဈေးနဲ့ပဲ နောက်ခြောက်လ ဆက်နေ လိုက်ကြပါဦးလားတဲ့။ ပိုဈေးသက်သာပြီး ပိုအကွက်အကွင်းကောင်းတဲ့နေရာကို ပြောင်းဖို့ အစီအစဉ်မရှိသေးတဲ့ အိမ်ငှားအဖို့ကတော့ အိုကေပေါ့။ ကိုယ့်ဘက်က ပွဲခ ထပ်မပေးရတဲ့ အကျိုးကို ဘယ်လက်လွတ်ခံမလဲ။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ညှိနှိုင်းရေးနဲ့ပတ်သက်လို့တော့ တော်တော်လေးအလေ့အကျင့်ကောင်းတွေရနေ ဟန်တူတယ်လို့ တစ်ခါတစ်ခါ စဉ်းစားမိတယ်။ ပွဲခကို တစ်လစာပေးရမယ်ဆိုတာ ဘယ်ဥပဒေစာအုပ်မှာမှ ပြဋ္ဌာန်းမထားဘူးလေ။ ဒီတော့ အဲဒီဖြစ်စဉ်ကြီးကို ကျော်နိုင်ဖြတ်နိုင်အောင် အိမ်ရှင်နဲ့အိမ်ငှား ညှိကြနှိုင်းကြတာ ကြားထဲကပွဲစား ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့သပေါ့။ ဒါပေမဲ့ ပွဲစားပဲလေ။ သူ့ခွင်နဲ့သူ ဘယ်လိုပြန်အကွက်ရိုက် မလဲဆိုတာ စောင့်ကြည့်ကြရုံပေါ့။ လောလောဆယ်တော့ ၀ါကျွတ်ရင် ခြောက်လစေ့မယ့် အိမ်ငှားကို ဆက်နေ မယ်ဆိုရင် လခမတိုးဖို့ သွားပြောတော့မယ့်အိမ်ရှင်တစ်ယောက် ကျွန်တော့်ရှေ့က ခပ်သုတ်သုတ်သွားနေပေါ့။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com