ကြားညှပ်ပြီး ခါးပြတ်နေပေမယ့် ပြားကပ်မနေတဲ့ မြို့ကလေး
ရန်ကုန်မြို့လယ်ပိုင်းကနေ သွားတဲ့အခါ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းဘက်ကပဲဖြစ်ဖြစ်၊ တာမွေဘက် ကပဲဖြစ်ဖြစ် သင်္ဃန်းကျွန်းဘက်ကိုသွားတဲ့လမ်းမှာ သုဝဏ္ဏဆိုတဲ့ ရပ်ကွက်လည်းမက၊ မြို့နယ်လည်းမကျတဲ့ ဒေသရပ်ဝန်းတစ်ခု ရှိပါတယ်။ အများသိကြတာကတော့ သုဝဏ္ဏအားကစားကွင်းပဲဖြစ်ပါတယ်။ အဲဒီအား ကစားကွင်းကြောင့်လည်း သုဝဏ္ဏဆိုတဲ့နာမည်ကို တော်တော်များများ ရန်ကုန်မြို့နေလူတန်းစားတွေ နားယဉ် နေကြတာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ သုဝဏ္ဏဆိုတဲ့နာမည်ကို ဝိုးတိုးဝါးတား ဖြစ်နေကြတယ်။
ဖြစ်လည်း ဖြစ်လောက်စရာကိုး။ အဲဒီဒေသမှာနေတဲ့သူတွေဟာ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ စတဲ့မြို့ သစ်တွေမှာနေကြတဲ့သူတွေလို အလွှာပေါင်းစုံကမဟုတ်ဘဲ ၀န်ထမ်းလောက ကွက်ကွက်ကလေးလောက်ကို သာ နေထိုင်ခွင့်ပြုဖို့ ဆောက်လုပ်ပေးထားခဲ့တဲ့မြို့ကလေးဖြစ်တာကိုး။
ဒီမြို့ကလေးဟာ နိုင်ငံရေးစနစ်မတူညီတဲ့ ခေတ်နှစ်ခေတ်အကူးမှာ မီးရှူးသန့်စင်ပေါက်ဖွားခဲ့တဲ့ မြို့ကလေးလို့ ပြောရင် ရပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်ကနေ တော်လှန်ရေးကောင်စီခေတ်အကူး ဗိုလ်ချုပ်ကြီးနေဝင်းထူထောင်တဲ့ တော်လှန်ရေးကောင်စီနဲ့ မရှေးမနှောင်းမှာ ဖြစ်တည်ခဲ့တဲ့ မြို့သစ်ဆိုရင်လည်း မမှားပါဘူး။ တော်လှန်ရေးကောင်စီအစိုးရက ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော်အာဏာကို ရယူသိမ်းပိုက်ခဲ့တယ်။
၁၉၆၄ ခုနှစ်မှာ သုဝဏ္ဏဝန်ထမ်းအိမ်ရာစီမံကိန်းကို စတင်ခဲ့တယ်။ စားရေးထက် နေရေးခက်တယ် ဆိုတဲ့ စကား ဟာ ခုမှပေါ်လာတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ရွှေရတုနှစ်များအလွန် တော်လှန်ရေးကောင်စီလက်ထက်ကတည်း က ပေါ်ခဲ့တဲ့စကားပါ။ ဒါတောင် အဲဒီတုန်းက ရန်ကုန်လူနေဦးရေဟာ ခုလောက်များပြားထူထပ်တာမဟုတ်သေး ဘူး။ ဒါပေမဲ့ ဝန်ထမ်းငယ်တွေအတွက်တော့ နေရေးတကယ်ခက်ခဲခဲ့တာ အမှန်ပါပဲ။ အလုပ်သမား၊ လယ်သမား လူတန်းစားနှစ်ရပ်အပေါ် အခြေပြုပြီး အဲဒီ အခြေခံလူတန်းစားတွေရဲ့ နေရေး၊ စားရေး ပြေလည်အောင်ဖြေရှင်း ပေးမယ်ဆိုတဲ့ တော်လှန်ရေးကောင်စီရဲ့ ဆိုရှယ်လစ်မူဝါဒအရ မြို့ပြဒေသရဲ့ ကော်လာဖြူလူတန်းစား စာရေး စာချီတွေအတွက် အခု သုဝဏ္ဏဝန်ထမ်းအိမ်ရာကို ၁၉၆၄ ခုနှစ်မှာ စပြီးအကောင်အထည်ဖော်တော့ တခြား ဝန်ထမ်းအိမ်ရာတွေနဲ့မတူတဲ့ ဝိသေသလက‹္ခဏာတစ်ရပ်က ထူးထူးခြားခြား မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တယ်။ တခြားဝန်ထမ်းအိမ်ရာတွေမှာ ဆိုရင်နေထိုင်ဖို့အတွက် အိုးအိမ် (မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာန) က တာဝန်ယူပြီး အိမ်ရာအဆောက်အအုံတွေ ဆောက်လုပ်ပေးတယ်။ ပြီးတော့ သက်ဆိုင်ရာ လုပ်ငန်းဌာနတွေက ဝန်ထမ်းတွေကို မဲစနစ်နဲ့ဖြစ်စေ၊ အလှည့်ကျစနစ်နဲ့ဖြစ်စေ နေထိုင်ခွင့်ချထားပေးတယ်။
သုဝဏ္ဏမှာကတော့ အဲဒီလို မဟုတ်ဘူး။ ဒီဒေသမှာ ကျောတစ်ခင်းစာနေရာတစ်ခု ရယူချင်တဲ့ ဝန်ထမ်းတွေဟာ အိမ်ရာဆောက်လုပ်ရေးမှာ တစ်တပ် တစ်အားအဖြစ် ပါဝင်လုပ်အားပေးမှ ကိုယ့်အတွက် တိုက်ခန်းတစ်ခန်း ရမယ့်စနစ် ဖြစ်တယ်။ ဒီတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ အိမ်ခန်းလိုချင်တဲ့ ဝန်ထမ်းတွေစာရင်း ကောက်တယ်။ ပြီးတော့ သူတို့တွေကို စာရင်းသွင်းပြီး ဒီနေရာမှာ လုပ်အားလာပေးရတယ်။ တိုက်ခန်း ဆောက်တာကတော့ အိုးအိမ်ကစီစဉ်ပေးတဲ့ တတ်ကျွမ်းနားလည်သူ ဆောက်လုပ်ရေးလုပ်သားတွေပါ။ ဒါပေမဲ့ လုပ်အားပေးဝန်ထမ်းတွေက ကိုယ်နိုင်ရာနိုင်ရာလုပ်ငန်းတွေဖြစ်တဲ့ မြေတူး၊ မြေသယ်၊ အုတ်ထမ်း၊ မဆလာ ထမ်း စတာတွေ တစ်ဖက်တစ်လမ်းက ဝင်လုပ်ပေးကြရတာပါ။ ကိုယ်လုပ်အားပေးရတဲ့ အချိန်အတိုင်းအတာကို လုပ်အားပေးမှတ်တမ်းမှာ မှတ်ထားပြီး သတ်မှတ်ထားတဲ့လုပ်အားပေးအတိုင်းအတာ စေ့တဲ့သူတွေကို နေထိုင်ခွင့်ချထားပေးတဲ့စနစ် ဖြစ်ပါတယ်။ ဒီတော့ သုဝဏ္ဏ ဝန်ထမ်းအိမ်ရာဆိုတာ စတည်ကတည်းက နေဖို့အဆိုပြုထားတဲ့ ဝန်ထမ်းတွေရဲ့ ချွေးစက်တွေနဲ့ အစပျိုးခဲ့ရတဲ့မြို့ကလေး ဖြစ်ခဲ့ပါတယ်။ အဲဒါကိုက တခြားသောဝန်ထမ်းအိမ်ရာတွေနဲ့ မတူကွဲပြားတဲ့ ဝိသေသလက္ခဏာ ဖြစ်နေတာပါ။
စတည်ခါစတုန်းကတော့ အဲဒီနေရာတွေဟာ တကယ့် လွင်တီးခေါင်ပြင်ကြီးပါ။ သံသုမာလမ်းကို ဗဟို ပြုပြီးတော့ အတွင်းဘက်လမ်းတွေမှာ တိုက်ခန်းတွဲတွေဆောက်တဲ့စနစ် ကျင့်သုံးခဲ့တာ။ တိုက်ခန်းတွဲတွေ ဆောက်တဲ့နေရာမှာလည်း စနစ်တကျ အကွက်ဖော်ဆောက်လုပ်ခဲ့တာဆိုတော့ မြို့အနေအထားက တော်တော် လေး စနစ်ကျတာကို ခေတ်ဦးပိုင်းမီလိုက်သူတွေအသိပါ။ အတွင်းပိုင်းတိုက်တန်းတွေဆိုရင် တိုက်တန်းသုံးခု အလယ်မှာ မီးတားကွင်းလည်းဖြစ်၊ ကလေးကစားကွင်းလည်းဖြစ်တဲ့ မြေကွက်လပ်တစ်ခုစီ နေရာချထားပါ တယ်။ အဲဒီမြေကွက်လပ်မှာလည်း ဆီးဆောတွေ၊ လျှောတွေ၊ တန်းဘားတွေ စတဲ့ ကလေးတွေ၊ လူငယ်တွေ အတွက် ကစားခုန်စားလုပ်နိုင်တဲ့ အထောက်အကူပြုပစ္စည်းတွေ အပြည့်အစုံတပ်ဆင်ပေးထားခဲ့ပါသေးရဲ့။
လယ်မြေတွေပေါ်မှာဆောက်ရတဲ့ အိမ်ရာဖြစ်တာမို့ အဲဒီတုန်းက လူနဲ့စစ်ခင်းခဲ့ရတာကတော့ မြွေတွေပါပဲ။ သူတို့နေတဲ့ ရေရိုင်းမြေရိုင်းပေါ်ကို လူတွေ ကျူးကျော်ဝင်ရောက်လာတဲ့အခါ မြွေတွေခမျာ ဟိုဝင်ဒီထွက်နဲ့ မြွေနေရာမရဖြစ်ကုန်ပြီး လူတွေနဲ့တကျက်ကျက်ပါပဲ။ လူကနိုင်ရင်လည်း မြွေသေ။ မြွေကနိုင်တော့လည်း လူတွေဒုက္ခရောက်နဲ့ပါ။ မနက်မနက်ဆို သံသုမာလမ်းတို့၊ ပေါ်ဆန်းမွှေးလမ်းတို့၊ မီးဒုံးလမ်းတို့၊ ကောက်လျင် လမ်းတို့လို လမ်းမကြီးတွေပေါ်မှာ ကားနင်းလို့ ပြားပြီးသေ၊ ပြတ်ပြီးသေတဲ့ မြွေသေကောင်တွေ ဖွေးဖွေးလှုပ် လို့ပါပဲ။
မြို့ကွက် စတည်တည်ချင်းတုန်းက တခြား အစိုးရတိုက်ခန်းတွေလို ပဲ နေထိုင်ရုံသက်သက်သာ ချထားပေးတာမဟုတ်ဘဲ ပြန်ရောင်းခွင့်မရှိဘူးလို့ တင်းတင်းမာမာသတ်မှတ်ခဲ့သေးတယ်။ ၁၉၆၈-၆၉ တစ်ဝိုက် လောက်ကဆိုရင် တစ်ဆင့်ပြန်ဝယ်တဲ့အိမ်ခန်းတွေကို 'မင်းမဟာဂီရိ' စစ်ဆင်ရေးဆိုပြီး အိမ်တွေပေါ်က ဆွဲချ၊ အဲဒီအိမ်ထောင်စုတွေကို သုဝဏ္ဏဈေးနားက သုဝဏ္ဏဇာတ်ရုံကြီးထဲမှာ ယာယီနေရာချထားပေးခဲ့ရသေးသတဲ့။ အဲဒီနောက်ပိုင်းမှာတော့ တိုက်ခန်းကိုပြန်မရောင်းရဘူးဆိုတဲ့ အမိန့်ကလည်း နည်းနည်း လျော့ရဲသွား။ သုဝဏ္ဏ အိမ်ရာ တည်ဆောက်ပေးခဲ့ရာမှာ ခေါင်းကိုင်ပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်စိန်ဝင်း ကိုယ်တိုင် က ဒီတိုက်ခန်းတွေဟာ သူတို့ရဲ့လုပ်အားနဲ့ တည်ဆောက်ထားတာဖြစ်လို့ သူတို့လုပ်အားကိုသူတို့ ပြန်ရောင်း တာ ရောင်းပစေလို့ ပြောတာကို တစ်ဆင့်ကြားပြန်ပြောသူတွေကပြောကြနဲ့ တိုက်ခန်းအရောင်းဈေးကွက် ပြန်တက်လာခဲ့တယ်။ ၁၉၇ဝ တစ်ဝိုက် လောက်တုန်းက ရှစ်ခန်းတွဲ သုဝဏ္ဏတိုက်ခန်း အလယ်ခန်းတစ်ခန်းကို ကျပ် ၂ဝဝဝ ဈေးလောက် ပေါက်ခဲ့သလို ထောင့်ခန်းကျတော့ ကျပ် ၂၅ဝဝ လောက် ရှိခဲ့တယ်။
ငါးနှစ်လောက်ကြာတဲ့အခါ အခန်းဈေးတွေက ထောင်ဂဏန်းကနေ ထောင်ကြီးဂဏန်း၊ ထောင်ကြီးဂဏန်းက နေ သောင်းဂဏန်းအထိ ဖြစ်သွား ပေမယ့် အပြောင်းအလဲက မမြန်ဆန်လှသေးဘူး။ ၁၉၈၇-၈၈ တစ်ဝိုက် လောက်မှာ သောင်းဂဏန်းပဲရှိသေးတယ်။ ရှစ်ခန်းတွဲတိုက်တန်းလျားရဲ့ အလယ်ခန်းတစ်ခန်းဈေးနှုန်းက ကျပ် ၃ဝဝဝဝ တစ်ဝိုက်လောက်မှာပဲရှိပြီး ရှေ့နဲ့နောက်မှာ မြေလေးနည်းနည်းပိုပါတဲ့ အခန်းမျိုး၊ အမိုးလဲထားတာ သိပ်မကြာသေးတဲ့အခန်းမျိုးစတာတွေကတော့ ကျပ် ၄ဝဝဝဝ၊ ၅ဝဝဝဝ လောက် ရှိတယ်။ ၁၉၉ဝ လောက်မှာ အခန်းဈေးက တစ်သိန်းနားကို တဖြည်းဖြည်း စရောက်လာတယ်။ အဲဒီကနေ နောက် ၁ဝ နှစ် အကြာ ၂ဝဝဝ ပြည့်နှစ်လောက်မှာ ၁ဝ သိန်း တစ်ဝိုက်လောက် ဖြစ်လာတယ်။
ဒါက လက်လှမ်းမီသလောက်မေးမြန်းလို့ရတဲ့ အချက်အလက်တွေအရ ပြောရတာ။ သာမန်တိုက်ခန်း တစ်ခန်း ၁ဝ သိန်းလောက် ဖြစ်နေတဲ့အချိန်မှာတင်ပဲ ၂၅ သိန်းနဲ့ အရောင်းအဝယ်ဖြစ်သွားတဲ့ အခန်း တွေလည်း ရှိနေတယ်လို့ ကြားလိုက်ရတဲ့အတွက် အိမ်ခြံမြေ ဈေးနှုန်းက ပွဲစားတွေရဲ့ပါးစပ်ထဲမှာပဲရှိနေပြီး ရောင်းသူနဲ့ဝယ်သူ နှစ်ဦးသဘောတူတဲ့အပေါ်မှာ တည်နေတယ် ဆိုတာ ပိုသေချာသွားတယ်။ အကြမ်းဖျင်းတွက်ကြည့်ရင်တော့ သုဝဏ္ဏတိုက်ခန်းဈေးဟာ ဆယ်စုနှစ်တစ်ခု အတွင်း ၁ဝ ဆ တက်သွားတယ်လို့ ပြောလို့ရတယ်။ အဲဒါ ၁၉၉ဝ ကနေ ၂ဝဝဝ အထိ ကြားကာလ။
၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှာ အစစအရာရာ ဈေးကြီးမြင့်လာမှုအရ သုဝဏ္ဏတိုက်ခန်းဈေးတွေ ခုန်တက် လာခဲ့ပေမယ့် သိန်း ရာဂဏန်း မရောက်သေးဘူး။ ၂ဝဝ၃၊ ၂ဝဝ၄ လောက်ကနေ စပြီး သုဝဏ္ဏ တိုက်ခန်းဈေးတွေ တရိပ်ရိပ်တက်လာလိုက်တာ ထောင့်ခန်းတွေက သိန်းရာကျော်၊ အလယ်ခန်းတွေက သိန်း ၇ဝ၊ ၈ဝ တစ်ဝိုက်လောက် ဖြစ်လာတယ်။ ၂ဝဝ၅ လောက်မှာ အလယ်ခန်းတွေ သိန်း ရာဂဏန်း မီလာပြီ။ ၂ဝဝ၉ မှာ အလယ်ခန်း သိန်း ၂ဝဝ ကျော်၊ ၂ဝ၁၁ မှာ သိန်း ၃ဝဝ ကျော်၊ ၂ဝ၁၂ မှာ သိန်း ၄ဝဝ ကျော်နဲ့ ၂ဝ၁၄ ကုန်ခါ နီးလောက်မှာတော့ သုဝဏ္ဏတိုက်ခန်း ရှစ်ခန်းတွဲအလယ်ခန်းတစ်ခန်းရဲ့တန်ဖိုးက သိန်း ၆ဝဝ အထက်မှာ ရှိနေ ပြီး အခု ၂၀၁၅ သင်္ကြန်အပြီးလောက်မှာ အလယ်ခန်းဈေးက သိန်း ၇၀၀ ကျော် ၇၅၀ လောက် ဖြစ်နေပါပြီ။ ဒီဈေးတွေကိုကြည့်လိုက်တဲ့အခါ ၂ဝဝဝ ကနေ ၂ဝဝ၅ အတွင်း ဈေး နှုန်းတက်မှုဟာ ၁ဝ ဆ၊ ၂ဝဝ၅ ကနေ ၂ဝ၁၄ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ဈေးနှုန်းတက်မှု ခြောက်ဆ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ၁၉၉ဝ ကနေ တွက်မယ်ဆိုရင် ၂၄ နှစ်တာ ကာလအတွင်း အဆ ၆ဝဝ တက်သွားတယ်လို့ ဆိုရမှာပေါ့။
ခုလောလောဆယ်မှာတော့ သုဝဏ္ဏနေ ပြည်သူတွေဟာ သူတို့မြို့ကလေးကို အဆင့်မြင့်အိမ်ရာတစ်ခု အနေနဲ့ အကောင်အထည်ဖော်ပေးမယ့်အချိန် စောင့်မျှော်ရင်း ဝယ်လက်လာရင် ဈေးတိုးခေါ်နေတာမို့ အိမ်ခန်း ဈေးတွေကလည်း မြင့်သထက်မြင့်လာပါတယ်။ လုပ်ငန်းရှင်ကြီးတွေထဲက ဘယ်သူတွေများမျက်စိကျမလဲဆိုတဲ့ အတွေးကို ဆုပ်ကိုင်ရင်းပေါ့။ အခုအချိန်မှာတင် ကြက်ဘဲဈေးအလွန် မြန်မာ့ဂုဏ်ရောင်အိမ်ရာအစပ်ကနေ သုဝဏ္ဏလမ်းဆုံကြား မြေကွက်အလွတ်တွေကို သွပ်ပြားအပြာတွေ အပြည့်ကာပြီး ဆောက်လုပ်ရေးစီမံကိန်း တစ်ခုလုပ်နေတာ၊ သံသုမာလမ်းနဲ့ ပေါ်ဆန်းမွှေးလမ်းထောင့်က ဧက ၄၀ အကျယ် သုဝဏ္ဏပန်းခြံနေရာကို သစ်ပင်၊ ပန်းပင်၊ ချုံပင်တွေ ဘူဒိုဇာနဲ့ထိုးပြီး အကုန်ရှင်းနေတာ တွေ့နေရပါတယ်။
မင်္ဂလာတောင်ညွန့်၊ တာမွေ၊ သင်္ဃန်းကျွန်း သုံးမြို့နယ်ကြားမှာ ညပ်ပြီး သယ်ယူပို့ဆောင်ရေးအတွက် လိုင်းကားရှားပါးလို့ ခါးပြတ်နေပေမယ့် လူမသိသူမသိ ပြားကပ်နေတဲ့အနေအထားမဟုတ်ဘဲ ကိုယ့်မာန် ကိုယ့်ဟန်နဲ့ ကိုယ့်ခံစားမှုတွေအပေါ် ရပ်တည် ရင်း ၀င့်ထည်နေတဲ့ ရပ်ကွက်မက၊ မြို့နယ်မကျတဲ့ဒေသဖြစ်ပေမယ့်လည်း ကိုယ့်ဒေသကိုယ် မြို့ကလေးတစ်ခု လို့ ခံယူထားတဲ့ သုဝဏ္ဏသားတွေအနေနဲ့ ချွေးစက်တွေခင်းပြီး အရင်းအနှီးပြုထားတဲ့ ဒီမြို့လေးကို အဆင့်မြင့် အိမ်ရာတွေ ထုံမွမ်းထားတဲ့ ခေတ်မီမြို့ပြဒေသ တစ်ခုအဖြစ် စိတ်ကူးအိပ်မက်မက်နေကြဆဲပါ။
ကျော်ဇောလေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com