ကမ္ဘာကျော်တိုက်တန်းနစ်ဇာတ်ကားကြီးဖြင့် ရုပ်ရှင်ပရိသတ်တို့၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့သူ ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် ယခုအခါ နယူးယောက်ရှိ ကွန်ဒိုခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်လျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Penthouse ကွန်ဒိုခန်းဖြစ်ပြီး တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မက်ဒီဆင်ရိပ်သာလမ်း၊ အမှတ် ၁၇၂ တွင် တည်ရှိသည်။
အခန်းသစ်တစ်ခန်းဖြစ်ပြီး လီယိုနာဒို ဒီကာပရီယိုက အဆိုပါအခန်းတွင် နေထိုင်လျက်ရှိသည်မှာ လအနည်းငယ်ခန့်ပင် ရှိခဲ့ပြီဟု ဆိုသည်။
လက်ရှိအားဖြင့် လီယိုနာဒို ဒီကာပရီယိုသည် အမေရိကန်ဒါရိုက်တာ ကွမ်တင် တာရန်တီနို၏ ဖြစ်ရပ်မှန် အခြေခံရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ရိုက်ကူးလျက်ရှိပြီး လာမည့် ၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန် ရည်မှန်းထားသည်။
ဂီတသမားတစ်ဦးဘဝမှ လူသတ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့သူ ချားလ်စ်မေဆင်၏ ဖြစ်ရပ်မှန်ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးခြင်း ဖြစ်သည်ဟု ဆိုသည်။ ချားလ်စ်မေဆင်သည် လူသတ်မှုများအတွက် သေဒဏ်ချမှတ်ခြင်းခံရသော်လည်း နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ်၌ သေဒဏ်ချမှတ်ခြင်း ပယ်ဖျက်လိုက်မှုကြောင့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်သို့ ပြောင်းလဲသွားသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် ချားလ်စ်မေဆင်သည် ကယ်လီဖိုးနီးယားပြည်နယ်အကျဉ်းထောင်၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၃ နှစ်ရှိပြီ ဖြစ်သည်။
လီယိုနာဒို ဒီကာပရီယို ယခုနေထိုင်လျက်ရှိသည့် ဇိမ်ခံကွန်ဒိုခန်းတွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး စတုရန်းပေ ၃၅၄၈ အကျယ်အဝန်းရှိသည်ဟု ဆိုသည်။သို့ရာတွင် အဆိုပါအဆောက်အအုံရှိ မည်သည့်အခန်းကို ငှားရမ်းနေထိုင်သည်ကိုမူ မသိရချေ။
လက်ရှိအားဖြင့် လီယိုနာဒို ငှားရမ်းနေထိုင်လျက်ရှိသော အခန်းကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်လည်း တင်ထားသည်ဟု ဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)