ပုသိမ်ကြီးမြို့နယ်၌ လာမည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့ဝန်ထမ်း တန်ဖိုးမျှတ အိမ်ရာတစ်ခု တည်ဆောက်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပုသိမ်ကြီးမြို့နယ် ဘိုတက်ကုန်းကျေးရွာ အနီးရှိ မြေ ၇ ဧကပေါ်တွင် တိုက်ခန်းပေါင်း ၃၄၀ ပါဝင်မည့် နိုင်ငံ့ဝန်ထမ်း တန်ဖိုးမျှတ အိမ်ရာတည်ဆောက်ရန်ရှိကြောင်း၊ အဆိုပါ အိမ်ရာတွင် လေးခန်းတွဲ ငါးထပ်တိုက် ၁၇ လုံး ပါဝင်မည်ဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။
လက်ရှိတွင် အဆိုပါအိမ်ရာ တည်ဆောက်ရေး စီမံချက်များရေးဆွဲနေပြီး နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနှင့် ကျောက်ပန်းတောင်းနှင့် မတ္တရာမြို့နယ်တို့လည်း အိမ်ခန်းပေါင်း ၅၀ဝ ပါဝင်မည့် ဝန်ထမ်းအိမ်ရာ တစ်ခုကို လာမည့်ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း တည်ဆောက်ရန်ရှိနေသည်။
မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းကလည်း အစိုးရဝန်ထမ်းများအတွက် တိုက်ခန်း ၄၂၈ ခန်း ရှိမည့် ဝန်ထမ်းအိမ်ရာ ၃၄ လုံး တည်ဆောက်ပေးခဲ့ကြောင်း ယင်းဌာနရှိ စာရင်းများအရ သိရသည်။
Credit: The Voice