အမေရိကန်ပြည်ထောင်စုတွင် ၂၈ ဧကရှိ ရေကန် ခြံအကျယ် ၈၅ ဧကရှိ ခြံဝန်းအကျယ် ရှိကာ ဂျေပီမော်ဂန် ၏ အမွေဆက်ခံသူပိုင်သည့် ခြံဝန်းကြီးတစ်ခုအရောင်းဈေးကွက်ဝင်လာသည်။
တည်နေရာမှာ နယူးယောက်မြို့  ၊ လောင်အိုင်လန် အရပ်တွင် တည်ရှိပြီး ခြံဝန်းအတွင်း နေအိမ်အဆောက်အအုံ ၆လုံးပါဝင်ကာ ဖရက်ဒရစ်လောအွမ်းစတက် က မြေယာအလှပြင်ဆင်မှုအတွက် ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
လောင်အိုင်လန်၏ မြောက်ဖက်ကမ်းရိုးတွင်တည်ရှိပြီး ကန်ဒေါ်လာ ၁၂၅ သန်း ဈေးခေါ်ထားသည်။
ရောင်းချမည့် ပိုင်နက်တွင် ၄၈ ဧကရှိ ကျွန်းတစ်ကျွန်းလည်း ပါဝင်နေသည်။
ထို့အပြင် ၁၀ဧက အကျယ်ရှိ ရေလက်ကြား နှင့် ရေအောက်ပိုင်ဆိုင်မှုများ ပေ ၂၅၀ ရှည်လျားသော ဆိပ်ခံတစ်ခု နှင့် ရဟတ်ယာဉ်ကွင်း၂ခုတို့ပါဝင်ကြောင်း Sotheby Internationl Realty မှ အိမ်ခြံမြေအကျိုးဆောင် ဘွန်နီ ဒီဗန်ဒေါ့က ပြောကြားသည်။
၁၉၁၉ ခုနှစ်တွင် ဂျူးနီယတ်စ် စပန်ဆာ မော်ဂန် က ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သူ၏ အဖိုးဖြစ်သု ဂျေပီမော်ဂန်သည် အမေရိကန်၏ နာမည်ကျော်ဘဏ်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ဂျူးနီယတ်စ် စပန်ဆာ၏ ဖခင် ဂျေပီ မော်ဂန် II သည်လည်း ဘဏ္ဍာရေးလောကလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ယခုဒေသတွင်ပင် နေအိမ်တစ်လုံးပိုင်ဆိုင်ခဲ့ဖူးပြီး Gold Coast ဟု အမည်ပေးခဲ့သည်။
ခန့်မှန်းချက်များအရ ၁၉ ရာစုမှ ၂၀ ရာစုသို့ အကူးအပြောင်းကာလတွင် ယင်းဒေသ၌ လှပခမ်းနားသည့် အဆောက်အအုံကြီးပေါင်း ၁၅၀ ခန့် ဆောက်လုပ်ခဲ့ပြီး အများစုမှာ ဟိုတယ်များ၊ လူနေအိမ်ရာဝန်းများ ဖြစ်လာခဲ့ကြသည်။
ယခုရောင်းချမည့် ကျွန်းကို ကုန်းမကြီးသို့ မြေလမ်းတစ်ခုဖြင့် ဆက်သွယ်ထားပြီး နယူးယောက်မြို့သို့ ရေကြောင်း၊ လေကြောင်းခရီးဖြင့် နာရီဝက်ခန့်သာဝေးကွာသည်။
ပင်မနေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၇၀၀၀ ခန့်ရှိပြီး ဂျူးနီယတ်စ် စပန်ဆာနှင့် မိသားစုတို့ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြသည်။
၂၀ ရာစုအလယ်ပိုင်းတွင် စပန်ဆာသည် မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများကို ကျွန်းပေါ်တွင် ၅ ဧကခန့် ကျယ်ဝန်းသောမြေကွက်များ အသီးသီးပေးကာ နေအိမ်များ ဆောက်လုပ်နေထိုင်ခွင့်ပြုခဲ့သည်။
လက်ရှိပိုင်ရှင်မှာ အိမ်ခြံမြေအကျိုးဆောင် မာဂို ဝေါလ်ကာဖြစ်ပြီး ကျွန်းပေါ်ရှိနေအိမ်များကို နှစ်ပေါင်းများစွာကာလအတွင်း တဖြည်းဖြည်းချင်း ဝယ်ယူပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုဈေးကွက်တင်သည့် အိမ်ခြံမြေအားလုံးအတွက် နှစ်စဉ်အကောက်ခွန်ပေးဆောင်ရမှုမှာ ကန်ဒေါ်လာ ၅၇၀၀၀၀ ခန့် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)